DVB Logo
Home
Lead Story
စစ်ဓားပြဂိုဏ်းရဲ့ ရင်ဝထဲ စူးနစ်သထက်နစ်လာတဲ့ နွေဦးတော်လှန်ရေးလှံတံ
DVB
·
September 13, 2022
စစ်ဓားပြဂိုဏ်းရဲ့ ရင်ဝထဲ စူးနစ်သထက်နစ်လာတဲ့ နွေဦးတော်လှန်ရေးလှံတံ
Donate to DVB

သက်တမ်းကုန်လုနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့အချိန်မှာတော့ အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ဖို့ အပြင်းအထန် ရုန်းကန်နေရပေမဲ့ တိုင်းရင်းသားရဟန်းရှင်လူ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ နွေဦးတော်လှန်ရေးလှံတံကတော့ စစ်ဓားပြဂိုဏ်းရဲ့ ရင်ဝတည့်တည့် နှလုံးသားမှာ ထိုးစိုက်မိနေရုံသာမက အချိန်ကြာလာတာနဲ့အမျှ နစ်သထက် နစ်ဝင်လာတာမို့ စစ်အုပ်စုအတွက် မျှော်လင့်ချက်မဲ့လို့ တောင်စွယ်မှာ နေကွယ်ချိန် ရောက်လာ‌နေပါပြီ။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ သတင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိအချိန်ဟာ တန်ပြန်ထိုးစစ် အကြိုကာလအဖြစ် မှတ်ယူနိုင်ပြီး လွတ်မြောက်ဒေသတစ်ခု မကြာခင်ပေါ်လာတော့မယ်လို့ ပြောကြားခဲ့တဲ့သတင်းကို DVB TV သတင်းမှာ ဖတ်လိုက်ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတဝန်း မြို့နယ် ၃၃၀ ထဲက ၇၂ မြို့နယ်ကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်တော့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ စစ်ကိုင်းတိုင်းအပါအဝင် အနောက်မြောက်တိုင်းစစ်ဒေသဟာ လွတ်မြောက်နယ်မြေ ဖြစ်လာတော့မယ် ဆိုတာကို ညွှန်ပြနေပါတယ်။ 

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ ရာခိုင်နှုန်းအားဖြင့် တနိုင်ငံလုံး နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ သဘောဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် EAOs များက တနိုင်ငံလုံးရဲ့ နယ်မြေ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ကျန်နယ်မြေ ၂၃ ရာခိုင်နှုန်းကတော့ အကြမ်းဖက်စစ်ကောင်စီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေးအင်အားစု‌တွေကြား နယ်မြေစိုးမိုးမှု ရနိုင်ရေးအတွက် အားပြိုင်နေရတဲ့ အခြေအနေ ဖြစ်တယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတစ်ခုမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ခွဲ ဖွဲ့စည်းခဲ့သလို မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာလည်း အများပြည်သူ‌တွေရဲ့ လုံခြုံရေးကိစ္စအတွက် YDF-Htilin အဖွဲ့က ဂိတ် ၄ ဂိတ် ဖွင့်လှစ်ခဲ့ကြပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ နိုင်ငံအချုပ်အခြာအာဏာကို လက်နက်နဲ့ သိမ်းယူပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်မှုကြောင့် ကချင်ပြည်နယ်မှာ အနည်းဆုံး ခြေကုပ်စခန်း ၂၀ ခန့်၊ ချင်းပြည်နယ်မှာ အနည်းဆုံး ခြေကုပ်စခန်း ၃ ခု၊ ကယား (ကရင်နီ) ပြည်နယ်မှာ စခန်း ၁၉ ခု၊ ကရင်ပြည်နယ်မှာ စခန်း ၁၂ ခုနှင့် ရခိုင်ပြည်နယ်မှာ စခန်း ၃၆ ခု အပါအဝင် စုစုပေါင်း ခြေကုပ်စခန်းပေါင်း ၉၀ ခန့် ဆုံးရှုံးနေပြီ ဖြစ်ပါတယ်။ 

စက်တင်ဘာ ၁၁ ရက်နေ့ သတင်းထဲမှာလည်း မောင်တောအခြေစိုက် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို ရက္ခိုင့်တပ်တော်(အေအေ) စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းက သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့လာဗုံးကြဲတဲ့သတင်းကို ဖတ်ခဲ့ရပြန်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက် ရှိလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေတဲ့အပြင် နယ်မြေစိုးမိုးထားတဲ့ မြို့နယ်ပေါင်း ၂၄ မြို့နယ်မှာ တရားသူကြီးတွေနဲ့ တရားစီရင်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေသလို ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး စတဲ့ လူမှုဝန်ဆောင်မှုတွေလည်း စတင်ဆောင်ရွက်နေတယ်လို့  ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။ 

ဒီအချက်အလက်တွေ ခိုင်မာစေတာကတော့ ၂၀၂၂ ဇွန်လ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ (ကြည်း၊ ရေ၊ လေ) စစ်ဆင်ရေး ပထမလေးလပတ်အစည်းအဝေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ဖြစ်တဲ့ မြန်မာနိုင်ငံတဝန်း ဖြစ်ပွား‌နေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ များပြားနေကြောင်း၊ စစ်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်လာနေတဲ့ တပ်တွင်းအခြေအနေတွေကို ဝန်ခံပြောဆိုထားတဲ့ လျှို့ဝှက်ချက် ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၁၄ လအတွင်း CDM လုပ်ပြီး ပြည်သူဘက် ကူးပြောင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၁၀,၀၀၀ နီးပါးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်တပ်မှ  ၃ဝဝဝ ကျော် ပါဝင်နေပြီး၊ စစ်တန်းလျားကနေ ထွက်လာပြီးနောက်ပိုင်း  NUG နဲ့ အဆက်အသွယ်မလုပ်တဲ့ စစ်သားတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကဏ္ဍတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ ကြမ်းဖက်စစ်တပ်မှ အနားယူခွင့်ရဖို့ ပိုခက်လာပြီး  တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူ‌တွေ၊ ရူးနှမ်းသွားသူ‌တွေကလွဲရင် ကျန်သူတွေဟာ တော်လှန်နိုင်ရင် တော်လှန်၊ မဟုတ်ရင် အသေထွက်သာ ထွက်ခွင့်ရတော့မယ်လို့ လေ့လာသူတို့က ဆိုလာပါပြီ။  ပင်စင်ယူရမယ့် အသက်အရွယ်ကိုပါ ၆၀ နှစ် မှ ၆၂ နှစ်အထိ စစ်ကောင်စီက တိုးမြှင့်ခဲ့ပြီး စစ်ကျွန်စစ်သားတွေဟာ မသေမချင်း တာဝန်ထမ်းဆောင်ရမယ့်သဘော ဖြစ်လာပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရတာမို့ အဘက်ဘက်မှာ ဆုတ်ယုတ်လာပြီး အင်အားချည့်နဲ့လာတဲ့အပြင် တနိုင်ငံလုံးမှာ စစ်ဆိုင်နေရတာမို့ စစ်ပန်း၊ စိတ်ဓာတ်ကျလာတဲ့ စစ်ဘီလူးဓားပြဂိုဏ်းရဲ့ရင်ဝထဲ စိုက်ဝင်စူးနစ်‌နေတဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးလှံတံဟာ အချိန်နဲ့အမျှ နစ်သထက်နစ်ဝင်လာပါပြီ။ 

မကြာတော့မယ့် ကာလတိုအတွင်းမှာ ဗုန်းဗုန်းလဲကျ ပျက်စီးရတော့မယ့် စစ်အာဏာရှင် အဆိပ်ပင်ကြီးနဲ့အတူ အသေထွက်ရမယ့်ဘဝကို မကြုံချင်ရင်တော့။ လက်ရှိ စစ်ရှုံး အကြမ်းဖက်တပ်ထဲက စစ်ဗိုလ် စစ်သားတွေ မိမိတို့ သားစဉ်မြေးဆက်မှာ သမိုင်းအမည်းကွက်ကြီး လိုက်ပါခြောက်လှန့်မှာကို မခံစားစေချင်ရင်တော့ မိမိတို့ သေနတ်ပြောင်းတွေကို စစ်ရာဇဝတ်ကောင် ဗိုလ်ယုတ်တသိုက်ထံ ညီညီညာညာ ပြန်လှည့်လို့ ပြည်သူလူထုနဲ့အတူ သမိုင်းမော်ကွန်းသစ် ရေးထိုးနိုင်ပါကြောင်း သတိပေး တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013