DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ မြေရှားသတ္တုတူးဖော်လုပ်ငန်းများတွင် ဓာတုဗေဒဆေးအသုံးများပြီး ရေထုညစ်ညမ်း
DVB
·
September 13, 2022
ကချင်ပြည်နယ်၌  မြေရှားသတ္တုတူးဖော်လုပ်ငန်းများတွင် ဓာတုဗေဒဆေးအသုံးများပြီး ရေထုညစ်ညမ်း
Donate to DVB

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ထဲမှာ ဓာတုဗေဒဆေးဝါးတွေသုံးပြီး မြေရှားသတ္တုတူးဖော်နေတဲ့ သတ္တုတွင်းပေါင်း ၂၇၀၀ ကျော်ရှိနေပြီး ဓာတုဗေဒဆေးဝါးတွေကြောင့် မြန်မာ့ရေအရင်းအမြစ်ကို ညစ်ညမ်းစေကာ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေရှိနေတယ်လို့ Oilprice.com သတင်းမှာ ဖော်ပြပါတယ်။

တရုတ်၊ မြန်မာနယ်စပ်တလျှောက်မှာ မြေရှားသတ္တုမိုင်းတွေ မှိုလိုပေါက်လာခဲ့တာကို တွေ့ရကြောင်းနဲ့ အဲဒီမြေရှားသတ္တုမိုင်းတွေကြောင့် ဒေသတွင်းစီးပွားရေးစနစ်နဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြဿနာတွေရှိစေခဲ့တယ်လို့ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး သတင်းမှာရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံက အဲဒီမိုင်းတွင်းတွေမှာ မြေရှားသတ္တုတူးဖော်ရေးအတွက် ကျောက်တောင်တွေကို စက်နဲ့ဖောက်ပြီး ဓာတုဗေဒဆေးတွေကို အဲဒီအပေါ်ကတွေကနေ ထိုးထည့်လေ့ရှိပါတယ်။ အဲဒီနောက် မြေသားကျောက်သားရောနေရာကနေ မြေရှားသတ္တုခွဲထုတ်ရာမှာ ဓာတုဗေဒဆေးတွေက လွယ်ကူစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေအတွက် အဲဒီဓာတုဗေဒဆေးတွေကို ဘယ်နေရာမှာ ဘယ်လို၊ ဘယ်လောက် အသုံးပြုရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတွေတော့ ရှိမနေပါဘူး။

ဓာတုဆေးဝါးတွေ အသုံးပြုရာမှာ စနစ်တကျ ထိန်းထိန်းသိမ်းသိမ်းမရှိတာကြောင့် ဓာတုဗေဒဆေးဝါးတွေက မြေကြီးထဲကိုစိမ့်ဝင်သွားပြီး မြန်မာ့ရေအရင်းအမြစ်ကို ညစ်ညမ်းစေပါတယ်။

မြေရှားသတ္တုတူးဖော်ရေးမိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ အဓိကရေအရင်းအမြစ်ဖြစ်တဲ့ မလိခမြစ်နဲ့ အန်မိုင်ခမြစ်တစ်လျှောက်မှာရှိကြတာဖြစ်တာကြောင့် ဓာတုဗေဒဆေးတွေ မြစ်တလျှောက်စီးပါသွားနိုင်ပြီး အဲဒီရေကို သောက်မိတဲ့ သူတွေဟာ ဓာတုဗေဒဆေးဝါးတွေရဲ့ သေစေလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အဲဒီလိုနည်းနဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေဟာ တရားမဝင်လုပ်ငန်းတွေသာဖြစ်ပေမဲ့  တောင်ထူထပ်ရာဒေသတွေမှာ ပိုပိုပြီးနယ်ချဲ့ကာ လုပ်ကိုင်နေကြပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း တရုတ်ကနေတင်ပို့တဲ့ မြေရှားသတ္တုအမြောက်အမြားဟာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမိုင်းတွင်းတွေဟာ မြန်မာနိုင်ငံရဲ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကာကွယ်မှုကို ရနေတာ၊ ဒေသခံတွေဟာ သူတို့ရဲ့ဘဝနေရေးထိုင်ရေးနဲ့ မိသားစုထောက်ပံ့ရေးတို့အတွက် အဲဒီမိုင်းတွင်းတွေမှာ လုပ်ကိုင်နေရတာတွေကြောင့် အဲဒီမိုင်းတွင်းတွေကို တားဆီး ဖို့ခက်ခဲနေပါတယ်။

မိုင်းတွင်းတွေမှာလုပ်ကိုင်နေကြသူတွေဟာလည်း သာမန်ဝန်ထမ်းတွေထက် ဝင်ငွေနှစ်ဆလောက် ရကြတာကြောင့် သူတို့အတွက် အခွင့်အရေးတစ်ခုလို သတ်မှတ်ပြီး လက်မလွှတ်နိုင်ကြပါဘူး။

ပြီးခဲ့တဲ့လအတွက် သတ္တုတူးဖော်ရေးအညွှန်းကိန်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ တရုတ်ကတင်ပို့တဲ့ မြေရှားသတ္တုတွေကို အစားထိုးဝယ်ယူနိုင်ဖို့ ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပျက်နေတဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ပြဿနာတွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်း ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုထုတ်လုပ်ရေးကို ထိခိုက်စေခဲ့ပါတယ်။

ထုတ်လုပ်တင်ပို့ရေး ပြဿနာကြောင့်သာမဟုတ်ဘဲ နိုင်ငံအတော်များများက တရုတ်နိုင်ငံကတင်ပို့တဲ့ မြေရှားသတ္တုတွေအပေါ် မီခိုနေရတာကိုဖြတ်တောက်ပစ်ချင်ကြတယ်လို့ ဆိုပါတယ်။

အာဖရိကမှာဆိုရင် တစ်တိုက်လုံးက နိုင်ငံအနှံ့မှာ မြေရှားသတ္တုတွေ အမြောက်အမြားရှိနေပါတယ်။ တန်ဇန်နီးယားနဲ့ တောင်အာဖရိက နှစ်နိုင်ငံတည်းမှာတင် မတူးဖော်ဘဲအရန်သိမ်းဆည်းထားတဲ့ မြေရှားသတ္တုအမျိုးမျိုး တန်ချိန်ပေါင်း ၁ ဒသမ ၇ သန်းရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီမြေရှားသတ္တုတွေထဲမှာ အခုချိန်ထိဝယ်လိုအားမြင့်နေဆဲဖြစ်တဲ့ cobalt သတ္တုလည်း အပါအဝင်ဖြစ်ပါတာကြောင့် အာဖရိကရဲ့ မြေရှားသတ္တုထုတ်လုပ်ရေးကို တရုတ်က မျက်စိကျလာခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့ သန့်ရှင်းစွမ်းအင်အသုံးပြုရေးကို တကမ္ဘာလုံးက ဝိုင်းဝန်တိုက်တွန်းနေကြတာကြောင့် ဘက်ထရီတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တုတွေရဲ့ ဝယ်လိုအား မြင့်တက်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မြေရှားသတ္တုတူးဖော်တဲ့ မိုင်းတွင်းတွေ အမြောက်အမြားရှိနေပြီးသားဖြစ်ပေမဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက မြေရှားသတ္တုမိုင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ မြေရှားသတ္တုတွေကို အခုလိုဓာတုဗေဒဆေးဝါးတွေသုံးကာ တူးဖော်နေကြတာဟာ ရေရှည်မှာတော့ တခုထက်မကတဲ့ မကောင်းတဲ့အကျိုးဆက်တွေရ ရှိလာကြတော့မှာ အသေအချာပဲဖြစ်ပါတယ်။

Photo-Oilprice

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013