DVB Logo
Home
မြန်မာသတင်း
တရုတ်ငွေတန်ဖိုး နှစ်ဆနီးပါးတက်လာ၍ တရုတ်ပစ္စည်းသွင်းလုပ်ငန်းငယ်များ ရပ်နားထားရ
DVB
·
September 12, 2022
တရုတ်ငွေတန်ဖိုး နှစ်ဆနီးပါးတက်လာ၍ တရုတ်ပစ္စည်းသွင်းလုပ်ငန်းငယ်များ ရပ်နားထားရ
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေ တန်ဖိုးက နှစ်ဆနီးပါး ဈေးမာလာတဲ့အတွက် တရုတ်ကုန်ပစ္စည်းကို အားပြုနေတဲ့ လုပ်ငန်းငယ်တွေ အကုန်လုံး ရပ်နားထားရတယ်လို့ ဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ တရုတ်ယွမ်ငွေကိုသာ အဓိက အားပြုနေရတာပါ။ ဒါပေမဲ့ တရုတ်ယွမ်ငွေတန်ဖိုးက ပြီးခဲ့တဲ့ ဇူလိုင် တတိယ ရက်သတ္တပတ်ကစလို့ တောက်လျှောက်တက်လာခဲ့ပြီး လက်ရှိမှာတော့ နှစ်ဆနီးနီး မြင့်တက်လာတာကြောင့် တရုတ်ကုန်ပစ္စည်းကို အားပြုနေတဲ့ လုပ်ငန်းငယ်တွေ အကုန်လုံးဟာ ရပ်ဆိုင်းနေရပါတယ်။

တရုတ်ကုန်ပစ္စည်းတွေကို နယ်စပ်ကတဆင့် မှာယူတင်သွင်းနေတဲ့ လုပ်ငန်းရှင်တယောက်က “အခု ဒီငွေဈေးအတက်အကျ ကြမ်းပုံနဲ့က ဘယ်လိုမှလုပ်လို့ မရတော့ဘူး။ ကျနော့်ဆီမှာ ပစ္စည်းတွေမှာယူပြီးတော့ သွင်းခိုင်းနေတဲ့ အွန်လိုင်းရှော့ပင်း အသေးစားလေးတွေဆိုရင် အကုန်လုံး နားလိုက်ရပြီ။ သယ်ယူပြီး ပြန်ရောင်းချဖို့ကလည်း ဈေးနှုန်းက ဘယ်လိုမှ ရောင်းချလို့မရတဲ့ ဈေးဖြစ်နေတာလေ။ လုပ်ငန်းအသေးလေးတွေအပြင် လုပ်ငန်းကြီးလုပ်နေကြတဲ့ ကုန်သည်ကြီးတွေ ဆိုင်သမားကြီးတွေ ဆိုရင်လည်း အခုက ခဏရပ်ထားကြပြီး စောင့်ကြည့်နေရကြတဲ့ အခြေအနေကို ရောက်နေတာ။ ဒါပေမဲ့ မဖြစ်မနေ အရှုံးခံပြီး ဝယ်နေရတဲ့ သူတွေတော့ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ ဘယ်လိုလူတွေလဲဆိုရင် ရောင်းသမားတယောက်က ဆိုင်မှာ ပစ္စည်းမရှိတော့ဘူးဆိုရင် သူ့ဆိုင်က ဖောက်သည်က ရှိတဲ့ ဆိုင်ဆီ ရောက်သွားမှာလေ။ ဒါကြောင့် သူတို့ဆိုရင် အရှုံးခံပြီး ဝယ်နေရတာမျိုးတွေ ရှိတယ်။ ဒါက လက်ရှိ ကြုံတွေ့နေရတဲ့ ကမောက်ကမ အခြေအနေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်ယွမ်ငွေတန်ဖိုး အခုလို ဈေးမာလာပေမဲ့ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ တွက်ခြေကိုက်တဲ့ အနေအထားမျိုး မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တယောက်က “တွက်ခြေကိုက်သလားဆိုတော့ ကျနော်တို့လဲ တွက်ခြေမကိုက်ဘူးဗျ။ ဘာလို့လဲဆို သူတို့ ယွမ်ငွေကို ဈေးအမြင့်ကြီးနဲ့ ဒီဘက်က ပြန်ဝယ်နေရတာ။ ကျနော်ဆိုရင် ပြီးခဲ့တဲ့လက ငွေဈေး ရှုံးတယ်။ ဘာလို့ရှုံးလဲဆို ဒီဘက်က မြန်မာငွေနဲ့လက်ခံပြီး တရုတ်ငွေ ယွမ် ပြန်လဲတဲ့အခါ ငွေလဲနှုန်းက ဆောင့်တက်လိုက်တော့ ကျနော် ငွေလဲနှုန်းတွေ ရှုံးသွားရတယ်။ ဒါပေမဲ့ တွက်ခြေကိုက်တဲ့သူ ရှိတော့ ရှိတယ်။ ဘယ်လိုလူတွေလဲဆိုရင် မြန်မာငွေပေး၊ တရုတ် ယွမ်ယူ ငွေလဲလုပ်ငန်း လုပ်နေတဲ့သူတွေပဲ တွက်ခြေကိုက်ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။  

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ယွမ်တန်ဖိုးက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံနဲ့ပဲ အရောင်းအဝယ်ရှိနေတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူ တယောက်ကလည်း အခုလိုပြောပါတယ်။ 

“အခု ဒီနေ့ဆိုရင် ယွမ်ဈေးက ကြိုက်ရောင်းကြိုက်ဝယ် ပုံစံဖြစ်နေတယ်။ တချို့က တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ကျပ် ၄၈၀ နဲ့ ၄၉၀ ခေါ်တယ်။ တချို့လည်း ၅၁၀ နဲ့ ၅၂၀ ကျပ်အထိ ခေါ်တာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်လတွေမှာ မြန်မာငွေ ၁ သိန်းကို တရုတ်ငွေ ယွမ် ၄၀၀ နီပါး ရတယ်။ အခုတော့ မြန်မာငွေ ၁ သိန်းကို တရုတ်ငွေ ယွမ် ၁၉၀ နဲ့ ၂၀၀ အကြားပဲ ရတော့တယ်။ အဲဒီတော့ လပိုင်းအတွင်းမှာ ၂ ဆလောက်အထိ မြန်မာငွေတန်ဖိုးက ထိုးကျသွားတာ။ ဒါက ကျနော်တို့ လုပ်ခဲ့တဲ့ သက်တမ်းတလျှောက်မှာဆိုရင် စံချိန်တင်ပဲ။ အရင်ကဆိုရင် ၁ နှစ်လောက်နေမှ အလွန်ဆုံး ၁၀ နဲ့ ၂၀ ကြားပဲ တက်ခဲ့တာ။ အခုတော့ ၁ လ ၊ ၂လ အတွင်းမှာ အဆနဲ့ ခုန်တက်သွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013