DVB Logo
Home
Lead Story
မြန်မာနိုင်ငံတွင် အရေးထားမခံရသည့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာ
DVB
·
September 12, 2022
မြန်မာနိုင်ငံတွင် အရေးထားမခံရသည့် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုပြဿနာ
Donate to DVB

စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဟာ စစ်တပ်အာဏာမသိမ်းမီအချိန်တည်းက မြန်မာနိုင်ငံမှာ လျစ်လျူရှုခံထားရတာဖြစ်ပြီး အခုဆိုရင်တော့ ပိုပြီးတော့တောင်မှ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အရေးမထားကြတော့ပါဘူး။

မြန်မာနိုင်ငံလို နိုင်ငံရေးရော စီးပွားရေးပါ မတည်ငြိမ်တဲ့နိုင်ငံမှာ စိတ်ကျန်းမာရေးပြဿနာဟာ အရေးကြီးတဲ့ ပြဿနာတွေထဲက တခုဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီးကြာနေတဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်၊ ကိုဗစ်ကပ်ဘေးနဲ့ အခုတစ်ခါထပ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေကို ခံစားနေရတာကြောင့် တချို့သောပညာရှင်တွေက မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောဆိုနေကြပြီ ဖြစ်ပါတယ်။

ဒီလိုမတည်ငြိမ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် နိုင်ငံသားတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေခဲ့တာတွေရှိသလို နောက်မှာလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ WHO ကနေ ပဋိပက္ခဖြစ်ပွားရာ နေရာအမျိုးမျိုးမှာ သွားရောက်စစ်ဆေးပြုစုခဲ့တဲ့ စစ်တမ်း ၁၂၉ ခုအရ ပဋိပက္ခဖြစ်ပွားရာ နေထိုင်ကြသူ ၅ ယောက်မှာ တယောက်က ပုံမှန်မဟုတ်တဲ့ စိတ်ကျန်းမာရေး အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ နေထိုင်ကြသူတွေမှာတွေ့ရတဲ့ စိတ်ရောဂါလက္ခဏာတွေကတော့ စိတ်ဓာတ်ကျခြင်း၊ အလွန်အမင်းစိုးရိမ်ပူပန်ခြင်း၊ အကြောက်လွန်ခြင်း (PTSD - ကြမ်းတမ်း ဆိုးရွားတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံရပြီးနောက် အလားတူဖြစ်ရပ်မျိုးတွေကို မြင်ယောင် ကြောက်ရွံ့နေခြင်း)၊ စိတ်အတက်အကျမြန်ခြင်းနဲ့ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ များပြားလွန်းတဲ့စနစ်ထဲမှာ စိတ်ကျန်းမာရေးပြဿနာဟာ နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်စေခဲ့ပါတယ်။ HelpAge International ကနေ ၂၀၁၉ ခုနှစ်မှာတရားဝင် ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး (ထိထိရောက်ရောက်) ချမှတ်ထားတဲ့ မူဝါဒ (ဥပဒေ) မရှိခြင်း ပင်မကျန်းမာရေးစောင့်ရှောက်မှု စနစ်ထဲမှာ စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီရယူနိုင်ဖို့ အခက်အခဲတွေ ရှိနေခြင်း  စတဲ့အချက်တွေကို တွေ့ခဲ့ရပါတယ်။ 

ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရှိနေပေမဲ့ ဒါဟာ လူတိုင်း အလွယ်တကူရနိုင်တဲ့ ဝန်ဆောင်မှုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် မြို့နဲ့ အလှမ်းကွာတဲ့ဒေသတွေမှာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုတွေနဲ့ပတ်သက်ပြီးတော့ ဝန်ထမ်းတွေမှာ လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှုတွေ မရှိသလို လိုအပ်တဲ့ စက်ပစ္စည်းကိရိယာနဲ့ စနစ်တွေလည်း ရှိမနေဘူးလို့ HelpAge ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ သိရှိရပါတယ်။

HelpAge ရဲ့ လေ့လာတွေ့ရှိမှုတွေအရ စိတ်ကျန်းမာရေးအပေါ် နားလည်မှုမရှိတဲ့ ဓလေ့ထုံးတမ်းတွေဟာ စိတ်ဝေဒနာကုသရေးအတွက် အဓိကပြဿနာတွေဖြစ်တယ် လို့ဆိုပါတယ်။ လိုအပ်တဲ့ စစ်တမ်းအချက်အလက်တွေ မြန်မာနိုင်ငံမှာ မရှိပေမယ့် အလားတူနိုင်ငံတွေက စစ်တမ်း အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ နားလည်မှုတို့ဟာ စိတ်ကျန်းမာရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဥပဒေဟာ အလွန်အမင်း ခေတ်နောက်ကျနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဥပဒေဟာ ၁၉၁၂ ခုနှစ်က လူနာစီဥပဒေပြဋ္ဌာန်းချက် (The Lunacy Act) အရ ပြဋ္ဌာန်းထားခဲ့တဲ့အတိုင်းပဲ ရှိနေပါသေးတယ်။

အဲဒီဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့ရင် အိန္ဒိယရူပီး ၅၀ ဒဏ်ငွေဆောင်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ၁၉၅၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အိန္ဒိယငွေကြေး သုံးစွဲမှုမရှိတော့ပါဘူး။ ၁၉၈၇ ခုနှစ်မှာတော့ အရူးထောင်ကို စိတ်ကျန်းမာရေးဆေးရုံ၊ အရူး ဆိုတဲ့ စကားလုံးကို စိတ်ဝေဒနာရှင် စသည်ဖြင့် ပြောင်းလဲပြုပြင်လိုက်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာဥပဒေတစ်ခုကို အစားထိုးပြောင်းလဲခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် စိတ်ကျန်းမာရေးဆိုင်ရာဥပဒေမှာ မပါဝင်ခဲ့တဲ့ စိတ်ဝေဒနာစောင့်ရှောက် ကုသရေးဆိုင်ရာ အချက်အလက်အချို့ကို ၂၀၁၇ ခုနှစ်မှာ ထပ်မံဖြည့်သွင်းထားတယ်လို့လည်း သိရပါတယ်။ 

အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကတော့ လုံးဝပြိုကျလုနီးနီးပဲလို့ လူမှုကူညီ ကယ်ဆယ်ရေးတွေ လုပ်နေတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ Medicins San Frontiers က မြေပြင်မှာ လက်တွေ့လုပ်ကိုင်နေတဲ့ ဒေါက်တာ မစ်ချဲဆန်ဂမာက ၂၀၂၁ ခုနှစ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကို မသွားနိုင်တဲ့သူတွေကတော့ ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှုကိုမှ မရဘဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ မြန်မာနိုင်ငံအတွက် စိတ်ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ရှိမနေတာကြောင့် အချက်အလက်နဲ့ အတိအကျ မပြောနိုင်ပေမဲ့ အစိုးရရဲ့ လူ့အသက်ကယ်ဆယ်ရေး ကျန်းမာရေးဝန်ဆောင်မှုတွေတောင် ရဖို့ခက်ခဲနေတဲ့ ဒီအချိန်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကတော့ မရှိသလောက်ကို ဖြစ်နေပြီလို့ ပြောပါတယ်။ 

စိတ်ကျန်းမာရေးအပေါ် အများပြည်သူရဲ့ နားလည်မှုကလည်း အရေးကြီးလှပါတယ်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ စိတ်ပညာဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ စိတ်ပညာဘာသာရပ်ဟာ လူစိတ်ဝင်စားမှုအနည်းဆုံးဖြစ်ပြီး သူတို့ ဘွဲ့ရတဲ့နှစ်မှာ အတန်းတူ ကျောင်းသား ၄ ဦးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် စိတ်ပညာဘာသာရပ်ကို သင်ယူနေကြောင်း ပြောပြလျှင်လည်း ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရဲ့ အူကြောင်ကြောင် တုံ့ပြန်မှုတွေကို မကြာခဏရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ စိတ်ပညာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားတွေ ဘာသာရပ်အပေါ် နားမလည်ကြောင်း သက်သေပြနေတာပဲ ဖြစ်ပါတယ်။ စိတ်ပညာကို ဒဿနိကဗေဒနဲ့ မှားယွင်းနေသူတွေရှိသလို စိတ်ပညာကို ပြင်းထန်တဲ့စိတ်ဝေဒနာတွေနဲ့တွဲပြီး မြင်နေကြသူတွေလည်း ရှိနေပါတယ်။ စိတ်ပညာနဲ့ ပတ်သက်လာရင် အတော်များများက နားလည်မှုလွဲနေကြဆဲ ဖြစ်ပါတယ်။

စိတ်ပညာနဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ ပညာပေးမီဒီယာတွေကို မြန်မာဘာသာတစ်ခုတည်းနဲ့ ထုတ်ဝေတာအပြင် အခြားတိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ပါ ထုတ်ဝေရမှာ ဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးနဲ့ စိတ်ပညာဆိုင်ရာဗဟုသုတတွေကို မြန်မာလူမှုအသိုင်းအဝိုင်းထဲမှာ ဖြန့်ဝေပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမယ့် စိတ်ပညာအပေါ် နားလည်မှုလွဲကာ အရိုးထဲစွဲအောင် အဆိုးမြင်နေကြတဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအတွက် စိတ်ပညာဆိုင်ရာ ပညာပေးခြင်း၊ ဗဟုသုတဖြန့်ဝေခြင်း လုပ်ငန်းတွေ နောက်ထပ်များစွာ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ချာလီအာတင်စတိုလ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013