DVB Logo
Home
Lead Story
နိုင်ငံကို အရှက်ခွဲခဲ့သူ မင်းအောင်လှိုင်
DVB
·
September 12, 2022
နိုင်ငံကို အရှက်ခွဲခဲ့သူ မင်းအောင်လှိုင်
Donate to DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားမှာ ကျင်းပခဲ့တဲ့ “အရှေ့ဖျားစီးပွားရေးဖိုရမ်”ကို ဧည့်သည်အဖြစ် တက်ရောက်ရာကနေ စက်တင်ဘာ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာပါပြီ။ 

သုံးကြိမ်မြောက် ရုရှာခရီးစဉ်အတွင်းမှာမှ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ခွင့်ရခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သူ့ကိုယ်သူတော့ ကျေနပ်နေမှာ အမှန်ပါ။ အနောက်နိုင်ငံတွေ မဆိုထားနဲ့၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကတောင် ဖယ်ကြဉ်ထားတဲ့ မြန်မာစစ်ခေါင်းဆောင်အတွက် ရုရှားနဲ့ ဗလာဒီမာပူတင်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့တာပါ။ သူဟာ အထီးကျန်ခေါင်းဆောင် မဟုတ်ဘူး၊ အင်အားကြီးနိုင်ငံတခုရဲ့ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသူအဖြစ် သူ့တပ်အတွင်း ပြန်လည်လှည့်ဖြား စည်းရုံးထားနိုင်ဖို့ အရေးပေါ်လိုအပ်နေတာပါ။ 

ဒါ့ကြောင့်လည်း အာဏာသိမ်းပြီးနောက် ရုရှားကို နှစ်ကြိမ်သွားခဲ့ပေမယ့် သမ္မတပူတင်နဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဖိတ်ခံရမှပဲ ပူတင်နဲ့ တွေ့ဆုံခွင့်ရပါတော့တယ်။ သီးသန့်တွေ့ဆုံမှုတော့ မဟုတ်ပါဘူး။ ဧည့်သည်အဖြစ် ဖိတ်ခေါ်ထားတဲ့ လေးနိုင်ငံက ခေါင်းဆောင်တွေနည်းတူ အခိုက်အတန့်ပဲ တွေ့နိုင်ခဲ့တာပါ။ ဒီဖိုရမ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် မတက်ခဲ့ဘဲ တရုတ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီကျန်ရှုကိုပဲ စေလွှတ်ခဲ့တာပါ။ မင်းအောင်လှိုင်ဟာ တရုတ်ကိုယ်စားလှယ် လီကျန်ရှု၊ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပတ်ရှင်ရန်၊ မွန်ဂိုလီးယားဝန်ကြီးချုပ် အူရွန်အာဒယ်နယ်တို့နဲ့အတူ ဧည့်သည်အဖြစ်ပဲ တက်ရောက်ခွင့်ရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်တွင်းလှည့်ဖြားလုပ်လိုတဲ့ မင်းအောင်လှိုင်အတွက်တော့ ပူတင်နဲ့ တွေ့လိုက်ရခြင်းက ဆန္ဒပြည့်မြောက်တယ်လို့ ပြောရမှာပါပဲ။ နိုင်ငံအတွက်ကရော ဘယ်လို အကျိုးအမြတ်တွေ ရရှိခဲ့လဲလို့ ဆန်းစစ်ရရင် အရှက်ကွဲရတာပဲ အဖတ်တင်တယ်လို့ ဆိုရမှာပါ။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားမှာ ပြုလုပ်တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ရုရှားငွေ၊ တရုတ်ငွေ၊ အိန္ဒိယငွေတွေကို ကမ္ဘာသုံးငွေကြေးအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ အကြံပြုတာတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံခြားအရန်ငွေ (ဒေါ်လာ) ခန်းခြောက်မှုပြဿနာနဲ့ ကြုံတွေ့နေရတဲ့ စစ်ခေါင်းဆောင်ရဲ့ ဆင်ကန်းတောတိုး ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒါကို တကန့်ထားပြီး အမေရိကန်ငွေကြေး ဒေါ်လာဟာ ကမ္ဘာသုံးငွေကြေး ဘာကြောင့် ဖြစ်နေရသလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်ပါ။ ဒီနေ့အချိန်ထိ နိုင်ငံတိုင်းက စုဆောင်းထားရလေ့ရှိတဲ့ နိုင်ငံခြားအရန်ငွေကြေးစာရင်းမှာ ဒေါ်လာဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။

အမေရိကန်နိုင်ငံမှာ ကနဦးက ဒေသတွင်း သုံးစွဲငွေတွေကို အမျိုးမျိုး ရိုက်ထုတ်သုံးစွဲခဲ့ကြပေမဲ့ Federal Reserve Act ကို အတည်ပြုခဲ့ပြီးနောက်တနှစ်အကြာ ၁၉၁၄ ခုနှစ်မှာ Federal Reserve Bank တည်ထောင်ကာ ဒေါ်လာကို စတင်ရိုက်နှိပ်ပြီး နိုင်ငံတဝန်း စတင်သုံးစွဲခဲ့တာပါ။  ဒေါ်လာငွေကို ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပဲ အဲဒီကာလက အမြင့်ဆုံးငွေကြေးဖြစ်တဲ့ ဗြိတိန်သုံး ငွေကြေး ပေါင်ကို အန်တုနိုင်လာပါတယ်။

၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ဖြစ်ပွားတဲ့အခါ နိုင်ငံအများအပြားဟာ သူတို့ရဲ့ စစ်အသုံးစရိတ်တွေကို စက္ကူနဲ့ပေးဆောင်ဖို့ ရွှေစံနှုန်းကို အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဗြိတိန်ကတော့ ကမ္ဘာ့ထိပ်တန်းငွေကြေးအဖြစ် ရပ်တည်နိုင်ဖို့ ရွှေစံနှုန်းနဲ့ ထိန်းသိမ်းထားခဲ့တာပါ။ 

ပထမကမ္ဘာစစ်အတွင်းက မပါဝင်ဘဲ ကျိတ်ပြီး အင်အားစုနေတဲ့ အမေရိကန်ဟာ ဒုတိယကမ္ဘာ စစ်ပွဲမစတင်မီ ကနဦးကာလမှာ မဟာမိတ်တွေရဲ့ လက်နက်နဲ့ တခြားကုန်ပစ္စည်းတွေ အဓိကထောက်ပံ့သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲအပြီးမှာတော့ ကမ္ဘာ့ရွှေအများစုကို ပိုင်ဆိုင်တဲ့ နိုင်ငံအများစုဟာ အမေရိကန်ကို စစ်ပွဲအသုံးစရိတ်အဖြစ်  ရွှေဖြင့် ပေးချေကြရပါတယ်။

အဲဒီနောက် ၁၉၄၄ ခုနှစ် အမေရိကန်နိုင်ငံ နယူးဟမ်ရှိုင်းယားပြည်နယ်ထဲက ဘရက်တန်ဝုဒ်မှာ  မဟာမိတ်နိုင်ငံပေါင်း ၄၄ နိုင်ငံက ကိုယ်စားလှယ်တွေဟာ တွေ့ဆုံခဲ့ပြီး ဘယ်နိုင်ငံကိုမျှ မထိခိုက်စေမယ့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို စီမံခန့်ခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာ့ငွေကြေးတွေကို ရွှေနဲ့ ချိတ်ဆက်ခြင်းမပြုတော့ဘဲ အမေရိကန်သို့ တိုက်ရိုက်ချိတ်ဆက်ထားတယ်လို့  ကိုယ်စားလှယ်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက်မှာတော့ ဒေါ်လာဟာ နိုင်ငံတကာသုံးငွေကြေး ဖြစ်လာပါတော့တယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ပေါ်ပေါက်လာပြီးနောက်မှာလည်း ဒေါ်လာကို ရာခိုင်နှုန်းအများဆုံး ငွေကြေးအဖြစ် စုဆောင်းထားပါတယ်။ IMF ရဲ့ အဆိုအရ နိုင်ငံတိုင်းရဲ့ ဗဟိုဘဏ်တွေဟာ သူတို့ရဲ့ နိုင်ငံခြားအရန်ငွေ ၅၉ ရာခိုင်နှုန်းခန့်ကို အမေရိကန် ဒေါ်လာအဖြစ် ကိုင်ဆောင်ထားကြကြောင်း သိရပါတယ်။ ဒေါ်လာရဲ့နောက်မှာတော့၊ ယူရို၊ စတာလင်ပေါင်နဲ့ ယွမ်တို့ ရှိနေပါတယ်။

နိုင်ငံတွေဟာ နိုင်ငံခြားအရန်ငွေကြေး စုဆောင်းရာမှာ နိုင်ငံရေးစနစ် တည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (ဝါ) ခိုင်မာတဲ့ ဘဏ္ဍာစနစ် တည်ဆောက်ထားနိုင်မှုနဲ့ ကမ္ဘာအပေါ် ဩဇာညောင်းနိုင်မှု စတဲ့အခြေခံအချက်တွေနဲ့ ချိန်ညှိပြီး ဘယ်နိုင်ငံရဲ့ ငွေကြေးကို အများဆုံး စုဆောင်းထားရှိမယ်ဆိုပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသုံး ယွမ်ငွေဟာ နိုင်ငံခြားအရန်ငွေကြေးဈေးကွက်မှာ ပိုမိုနေရာယူလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အောက်လွှတ်အမတ်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက်မှာတော့ တခြားနိုင်ငံတွေအတွက် ယွမ်ငွေစုဆောင်းမှုကို လျှော့ချလိုစိတ်ကို ဖြစ်ထွန်းစေခဲ့ပါတယ်။ တရုတ်ရဲ့ နိုင်ငံရေး၊ စစ်ရေးတည်ငြိမ်မှုကို ပြန်တွက်ဆလာကြရလို့ပဲ ဖြစ်ပါတယ်။

တချိန်က အမေရိကန်နိုင်ငံနဲ့အပြိုင် ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးရှိစဉ်ကပင် ရူဘယ်ဟာ နိုင်ငံတကာသုံးငွေကြေးအဖြစ် ထိပ်တန်းမှာ ရှိမနေခဲ့ပါဘူး။ ထိုင်ဝမ်ကို အကြောင်းပြုပြီး တရုတ်နိုင်ငံဟာ ဆိုဗီယက်လို ပြိုကွဲသွားခဲ့ရင်ဆိုတဲ့ ရှုမြင်မှုတွေကလည်း ယွမ်ငွေစုဆောင်းလိုမှုကို လျော့ကျစေပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီအခြေခံအချက်တွေကို သိရှိနားလည်ခြင်း ရှိ၊ မရှိကတော့ သူ့ကိုယ်သူပဲ သိပါလိမ့်မယ်။ နိုင်ငံတကာက စံထားလက်ခံတဲ့ ငွေကြေးဖြစ်လာဖို့ဆိုတာ ဥုံဖွ သုံးပြီး မန်းမှုတ်ယူလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ ဒေါ်လာငွေခန်းခြောက်မှု အကျပ်အတည်းကို မဖြေရှင်းနိုင်တဲ့အတွက် တကမ္ဘာလုံး ရူဘယ် သုံးပါ၊ ယွမ် သုံးပါ၊ ရူပီး သုံးပါလို့ အရူးချေးပန်း ကွင်းပြင်ပနေ ထိုင်အော်ခဲ့တဲ့ မင်းအောင်လှိုင်ကတော့ နိုင်ငံကို နိုင်ငံတကာမျက်နှာစာအလယ် အရှက်ကွဲခဲ့တာပဲ ဖြစ်ပါတော့တယ်။ 

စောအဲမွန်

Ref: How the US dollar became the World's reserve currency - By RICHARD BEST
www.investopedia.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013