
လမ်းမပေါ် တွေ့ရာမြင်ရာလူတွေကို အမြီးတနံ့နံ့နဲ့ မျက်နှာချိုသွေးကာ သခင်ရှာနေတဲ့ ခွေးလေ ခွေးလွင့်တွေနဲ့မခြား သမ္မတတုမင်းအောင်လှိုင် တရားဝင်မှု အငမ်းမရ လိုက်ရှာနေတာ တွေ့ရတယ်။
၂၀၂၆ ခုနှစ်၊ မေ ၃၀ မှာ အိန္ဒိယ။ ဇွန် ၁၅ ရက်မှာ တရုတ်။ အိမ်နီးချင်း နိုင်ငံကြီး ၂ နိုင်ငံက နိုင်ငံ့ ခေါင်းဆောင်တို့ရဲ့ အဆောင်အယောင်အတိုင်း ကော်ဇောနီခင်း ကြိုဆိုခြင်းခဲ့ခြင်းက မင်းအောင်လှိုင်အတွက် ယုံကြည်မှု ပိုရှိလာခဲ့တယ်။ ဒါ့အပြင် တရုတ်နဲ့ မင်းအောင်လှိုင်တို့ရဲ့ ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ တရားဝင်ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို အာဆီယံနဲ့ ကုလသမဂ္ဂမှာ အပြည့်အဝ တန်းတူရည်တူ ပါဝင်ဆောင်ရွက်နိုင်ရေး တရုတ်က ထောက်ခံ အားပေးသွားမယ်လို့ ဖော်ပြထားလေတော့ မင်းအောင်လှိုင် သွေးရူးခုန်ကာ စိတ်မထိန်းနိုင် ဖြစ်ခဲ့မှာလည်း သေချာရဲ့။
ဒါနဲ့ သူ့ကိုယ်သူ သမ္မတဖြစ်ကြောင်း သက်သေပြဖို့အတွက် နိုင်ငံခြားခရီးစဉ်တွေ တောက်လျှောက် ထွက်ခဲ့တယ်။ မေလကနေ စက်တင်ဘာအထိ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား၊ ၅ လအတွင်း ၈ နိုင်ငံအထိ သွားရောက်ကာ စံချိန်ချိုးပြခဲ့တယ်။
အာဏာသိမ်းပြီးကတည်းက အာဆီယံရော နိုင်ငံတကာအသိုက်အဝန်းကပါ အဖက်လုပ်ခြင်းမခံ ရသူတယောက်။ နိုင်ငံတွင်း အတိုက်အခံတွေကို ရှင်းထုတ်၊ ကြံ့ဖွံ့ပါတီ သေချာပေါက်နိုင်မဲ့ ရွေးကောက်ပွဲအတုလုပ်ကာ ကြံ့ဖွံ့ကုပ်ပေါ် ခွစီးပြီး သမ္မတတု တက်လုပ်သူဆိုတော့လည်း သိမ်ငယ်စိတ်ကြီးကြီးနဲ့ တရားဝင်မှု လိုက်ရှာနေတာ ဘယ်ဆန်းမလဲ။
ဒါပေမဲ့၊ နည်းနည်းလေးစိမ်းနေတဲ့ အိန္ဒိယဆီ မင်းအောင်လှိုင် ရောက်သွားတာကလွဲလို့ ကျန်နိုင်ငံတွေက မင်းအောင်လှိုင် စစ်ဝတ်စုံနဲ့ သေနတ်ခါးကြားထိုးကာလကတည်းက မိတ်ဖက် ဆက်ဆံရေးရှိနှင့်ပြီး နိုင်ငံတွေမို့ ဒီလိုနိုင်ငံတွေက မင်းအောင်လှိုင်ကို သမ္မတအဖြစ်နဲ့ ဖိတ်ခေါ်ပြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ကြောင်း မောင်းခတ်ပေးတာ သံတမန်ရေးအောင်ပွဲလို့ မပြောနိုင်ပါဘူး။
အဓိကကျတာက အာဆီယံမှာ မင်းအောင်လှိုင် ထိုင်ခုံပြန်ရရေးနဲ့ ကုလသမဂ္ဂမှာ အစိုးရတုကိုယ်စားလှယ်နေရာရရေး။ မင်းအောင်လှိုင်ဟာ သမ္မတတုအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ပြီးနောက် လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သမ္မတအဆောင်အယောင် အပြည့်နဲ့ ခြေချခွင့်ရခဲ့ပေမဲ့ အဲဒီ ၄ နိုင်ငံက အာဆီယံရဲ့ မြန်မာ့အရေး နောက်ဆုံးရပ်တည်ချက်ကို ဖယ်ရှားပစ်နိုင်မလားလို့ မေးခွန်းထုတ်ရပါမယ်။
အာဆီယံက မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်က ကိုင်စွဲသွားမှာဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အစိုးရတု ဖော်ဆောင်ခြင်း ရှိ၊မရှိ တိုင်းတာမဲ့ စံသတ်မှတ်ချက်တွေ ချမှတ်ကာ လိုက်နာဖော်ဆောင်မှုမရှိရင် ပျက်ကွက်မှုအဖြစ် သတ်မှတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အာဆီယံဘုံသဘောတူညီချက်ကို အစိုးရတုက ဖော်ဆောင်ပေးရမှာဖြစ်ပေမဲ့ အတုအယောင်လွှတ်တော်က ဘုံ ၅ ရပ်ကို ပယ်ချခဲ့ပြီးဖြစ်သလို ဇူလိုင် ၃၁ ရက်၊သမ္မတတု မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ပြည့် လွှတ်တော်မိန့်ခွန်းထဲမှာလည်း ဘုံ ၅ ရပ်ကို အတိအလင်း ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
ထပ်မေးခွန်းထုတ်စရာရှိလာတာက အာဆီယံအနေနဲ့ အစိုးရတုက ဘုံ ၅ ရပ်ကို ဖော်ဆောင်ဖို့ ပျက် ကွက်တယ်ဆိုပြီး သတ်မှတ်ခဲ့ရင် နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာပါပဲ။ ဘုံ ၅ ရပ် အသက်ဝင်ခဲ့တဲ့ ၅ နှစ်ကျော်ကာလ အတွေ့အကြုံတွေအရ မှန်ကိုမှန်ရမယ်ဆိုပြီး သေချာပေါက် ဟောကိန်းထုတ်နိုင်တာက မဖော်ဆောင်လို့ အရေးယူမယ်ဆိုတဲ့ နောက်ဆက်တွဲခြေလှမ်းမျိုး ဆက်လှမ်းနိုင်စရာ မရှိပါဘူး။ နောက်ဆက်တွဲ အရေးယူမှုမျိုး မရှိအောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ အာဆီယံနိုင်ငံတွေက လုံ့လစိုက်ကြမှာ အသေအချာပါပဲ။ ဒါပေမဲ့၊ အာဆီယံကိုင်စွဲထားတဲ့ ဘုံ ၅ ရပ်ကို မဖော်ဆောင်ဘဲ အာခံနေသူကို အာဆီယံထိုင်ခုံ ပြန်ပေးဖို့အထိ ထောက်ခံအတည်ပြုနိုင်စွမ်းမရှိနိုင်သလို ဘုံ ၅ ရပ်အတိုင်း အတိအကျ ကိုင်စွဲထားတဲ့ အာဆီယံနိုင်ငံတွေကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီပုံစံ ဒီအချိုးနဲ့ အာဆီယံမှာ တရားဝင်မှု ပြန်ရဖို့ဆိုတာ စင်ကာပူနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်မဲ့ ၂၀၂၇ ခုနှစ်အထိ အိပ်မက်ပမာပါပဲ။
ဆိုတော့ ကုလသမဂ္ဂမှာရော အစိုးရတုရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၅ နှစ်ဆက်တိုက် NLD အစိုးရလက်ထက်ကတည်းက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ ဆက်လက် တာဝန်ပေးခဲ့ပါတယ်။ ဒါကို ရှင်းအောင် ထပ်ပြောရရင် ကုလသမဂ္ဂ ကိုယ်စားပြုနေရာအတွက် NUG အစိုးရနဲ့ စစ်ကောင်စီ အမည်စာရင်း အပြိုင်တင် သွင်းခဲ့ရာမှာ ကိုယ်စားလှယ်ရွေးချယ်ရေးဆိုင်ရာ အရည်အချင်းစစ် ကော်မတီ (Credentials Committee)က တင်သွင်းမှု ၂ ရပ်စလုံးကို စဉ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားပြီး NLD အစိုးရလက်ထက်ကတည်းက တာဝန်ထမ်းခဲ့တဲ့ ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တာဝန်ထမ်းစေခြင်းပါပဲ။ ပြောရရင် NUG အစိုးရက တင်သွင်းခဲ့တဲ့ ဦးကျော်မိုးထွန်းကို မရွေးချယ်ခဲ့ပေမဲ့ လိမ္မာပါးနပ်စွာနဲ့ ဦးကျော်မိုးထွန်းကို ရွေးချယ်ခဲ့ခြင်းပါပဲ။
အရင့်အရင့်နှစ်တွေတုန်းက အာဏာသိမ်းစစ်အုပ်စုအဖြစ်နဲ့ အရှုံးကို ရင်ဝယ်ပိုက်ရတာ ဖြေသာပေမဲ့ အခု ၂၀၂၆ ခုနှစ်ကျတော့ သူတို့ကိုယ်သူတို့ ရွေးကောက်ခံအစိုးရအဖြစ် အော်ဟစ်နေတာကြောင့် ဒီတခါထပ်ရှုံးရရင် ရင်ဘတ်စည်တီးရမှာမို့ အစိုးရတုကလည်း တိုက်စစ်ဖွင့် ရမ်းကားလာပုံပါပဲ။
စက်တင်ဘာ ၈ ရက်က ကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားကို သံအမတ်ကြီ ဦးကျော်မိုးထွန်းနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြုံးပြုံးလေးတက်ရောက်နေတဲ့မှတ်တမ်းဓာတ်ပုံ ထွက်ပေါ်လာပြီးနောက် နေပြည်တော် စစ်ဗိုလ်ချုပ်တွေ အမျက်ဒေါသ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားကြောင်း စာတတန်ပေတဖွဲ့ ကြေညာချက်ထုတ် ကြိမ်းမောင်းတာ တွေ့လာရတယ်။
ဦးကျော်မိုးထွန်းကတော့ သူ့ထုံးစံအတိုင်း လေပြေလေးနဲ့ပဲ အစိုးရတု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်ဟာ စစ်ဗိုလ်ချုပ်တွေ ကြံရာမရ ဘယ်လောက်ဖြစ်နေသလဲဆိုတာ ဖော်ပြနေတယ်လို့ ပြောကြားခဲ့တယ်။ အစိုးရတု ဘာတွေ ကြံရာမရ ဖြစ်နေပါသလဲ။
စက်တင်ဘာ ၇ ရက်က ဂျီနီဗာမှာ ကျင်းပတဲ့ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းမှုတွေ မလုပ်ကြဖို့နဲ့ မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းပေးဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့တယ်။ အဲဒီအစည်းအဝေးမှာပဲ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်း စစ်ဆေးမှုယန္တရား IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှု ပိုပြီး မြင့်တက်နေကြောင်း ပြောကြားခဲ့သေးတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင်တရက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း အဲ ဒီလို ပြတ်သားတဲ့ ပြောကြားချက်တွေဟာ အစိုးရတု အရူးမီးဝိုင်းဇာတ်ကဖို့ရာ အကောင်းဆုံး အထောက်အပံ့တွေပဲမို့ ကြံရာမရဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပေရဲ့။
ဒါ့အပြင် စက်တင်ဘာတတိယပတ်အတွင်းမှာပဲ အမေရိကန်သမ္မတ ထရမ့်ပ်က အမေရိကန်အတွက် ဘေးမကင်းတဲ့ မူးယစ်ဆေးထုတ်နိုင်ငံအဖြစ် မြန်မာကို သတ်မှတ်လိုက်ခြင်းကလည်း အစိုးရတု လတ်လတ်ဆတ်ဆတ်ရရှိခဲ့တဲ့ ငရဲမှတ်တွေပါပဲ။
ဘာပဲဖြစ်ဖြစ် တရုတ်ဧကရာဇ် ရှီကျင့်ဖျင်က ကုလသမဂ္ဂမှာ အစိုးရတုနေရာရရေး ထောက်ခံအားပေးသွားမယ်ဆိုပြီး ကတိပြုထားလေတော့ ဆရာသခင် ရှီကျင့်ဖျင် ဘယ်လိုစွမ်းဆောင်ပေးမလဲလို့ ကောက်ရိုး တမျှင်အဖြစ်နဲ့ မင်းအောင်လှိုင် စိတ်ကူးယဉ် ကြည့်နိုင်ပါတယ်။
ကုလသမဂ္ဂ ကိုယ်စားလှယ်ရွေးချယ်ရေးဆိုင်ရာ အရည်အချင်းစစ် ကော်မတီ (Credentials Committee)ကို ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပခဲ့တဲ့ စက်တင်ဘာ ၈ ရက် မှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ ဂျမေကာ၊ ဘဟားမားစ်၊ ယူဂန်ဒါ၊ ဘီနင်နဲ့ ဗန်နွာတူ နိုင်ငံတို့နဲ့ ဖွဲ့စည်းခဲ့တယ်။ အဲဒီကော်မတီက မြန်မာနိုင်ငံလို NUG အစိုးရနဲ့ အစိုးရတု ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် အမည်စာရင်းတင်သွင်းမှု ၂ မျိုး ဖြစ်နေတဲ့အခါ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ပထမအဆင့် ဆုံးဖြတ်ပါတယ်။ အရည်အချင်းစစ်ကော်မတီက တဦးဦးကို ရွေးချယ်နိုင်သလို ၂ ဦးစလုံးကို မရွေးဘဲ အရင်ကတည်းက တာဝန် ယူထားတဲ့သူကိုပဲ ဆက်လက်တာဝန်ပေးတာမျိုး ဒါမှမဟုတ် ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ မြန်မာနေရာမှာ ထိုင်ခုံ အလွတ်ထားလိုက်တာမျိုးလည်း ဆုံးဖြတ်နိုင်ပါတယ်။
အစိုးရတုအတွက်က သူတို့တင်သွင်းတဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ဖို့အထိ မျှော်လင့်ချက်မရှိနိုင်ပေမဲ့ ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ မြန်မာနေရာမှာ ထိုင်ခုံအလွတ်ထားခဲ့ရင် အကြီးအကျယ်မြတ်စွန်းသွားမှာမို့ အဲဒီလောက်တော့ ဖြစ်ချင်နေမှာပါ။
အရည်အချင်းစစ်ကော်မတီမှာ အစိုးရတုရဲ့ အာဏာရှင်မိတ်ဖက် တရုတ်နဲ့ ရုရှားတို့ ပါဝင်ပေမဲ့ ကော်မတီမှာ ဘယ်နိုင်ငံကမှ ဗီတိုအာဏာသုံးလို့ မရပါဘူး။ အရည်အချင်းစစ်ကော်မတီဝင်တွေကြား သဘောထားမတူရင် မဲခွဲဆုံးဖြတ်ပြီး မဲများ သူအနိုင်စနစ်နဲ့ ပဏာမအတည်ပြုရပါမယ်။ အဲဒီအတည်ပြုချက်ကို ကုလအထွေထွေညီလာခံဆီ ဆက်လက်ပေးပို့ပြီး အရည်အချင်းစစ်ကော်မတီရဲ့ ပဏာမအတည်ပြုချက်အတိုင်း ညီလာခံက အတည်ပြုမှသာ ရွေးချယ်မှု ပြီးစီးမှာပါ။ တကယ်လို့ ကုလအဖွဲ့ဝင်နိုင်ငံတခုခုက ကန့်ကွက်ခဲ့ရင် နိုင်ငံအားလုံးက ထပ်မံမဲခွဲကာ မဲများသူအနိုင်စနစ်နဲ့ အပြီးသတ် အတည်ပြုချက်ယူပါတယ်။
ဆိုတော့ တရုတ်၊ ရုရှားနဲ့ အရည်အချင်းစစ်ကော်မတီဝင်နိုင်ငံတချို့ရဲ့ မဲနဲ့ အစိုးရတု ကိုယ်စားလှယ်ကို ရွေးချယ်တာမျိုး ဒါမှမဟုတ် မြန်မာနေရာမှာ ထိုင်ခုံအလွတ်ထားဖို့ ပဏာမအဆင့် အတည်ပြုနိုင်ခဲ့ရင်တောင် အထွေထွေညီလာခံမှာ ဆက်လက် အတည်ပြုနိုင်ဖို့ ဆိုတာ အမေရိကန်ကပါ ထောက်ခံရုံတင်မက အမေရိကန်က တခြားနိုင်ငံတွေကို ဖိအားကြီးကြီးပေးမှသာ အထမြောက်နိုင်မှာပါ။
တရုတ်နဲ့ ရုရှား ဖိအားလောက်နဲ့ဆိုရင်တော့ ကမ္ဘာပေါ်က လက်တဆုပ်စာ အာဏာရှင်နိုင်ငံတွေရဲ့ မဲ လောက်သာ ရရှိမှာပါ။ ပြီးတော့ များစွာသော ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက နွေဦးတော်လှန်ရေးကို လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ မပေးသေးပေမဲ့ သံတမန်ရေးထောက်ခံမှု အပြည့်အဝ ပေးနေတာကြောင့် အာဏာရှင်နိုင်ငံတွေရဲ့မဲကို မှုစရာမလိုလောက်ပါဘူး။
ဒါ့ကြောင့် NUG အစိုးရတင်သွင်းတဲ့ ဦးကျော်မိုးထွန်းကို မရွေးချယ်လည်း အရင်နှစ်တွေက ပုံစံအတိုင်း အရင်ကတည်းက တာဝန်ယူထားတဲ့ NLDအစိုးရကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို သာ ဆက်လက်တာဝန် ပေးနိုင်တယ်လို့ မြန်မာပြည်သူတွေ မျှော်လင့်ချက်ကြီးခွင့် ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်း၊ ပြည်ပရောက် မြန်မာပြည်သူတွေကတော့ ဦးကျော်မိုးထွန်းကို ဆက် လက်ခန့်အပ်ရေးအတွက် ကမ်ပိန်းမျိုးစုံနဲ့ ကုလရင်ပြင်အထိ ပေါက်အောင် ထောက်ခံနေကြပါပြီ။ ကုလအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က လာမဲ့နိုဝင်ဘာလကုန်ပိုင်း သို့မဟုတ် ဒီဇင်ဘာလထဲမှာ ထွက်ပေါ် လာပါလိမ့်မယ်။











