DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ်အတွင်း သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်စဉ် ၇ ခုနှင့် မသက်ဆိုင်ဟု PDF တပ်များ ရှင်းလင်း
DVB
·
September 12, 2022
ရေဖြူမြို့နယ်အတွင်း သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်စဉ် ၇ ခုနှင့် မသက်ဆိုင်ဟု PDF တပ်များ ရှင်းလင်း
Donate to DVB

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ဘဝါ၊ မူးဒူး၊ လဲရှောင်၊ ဧကနိ၊ ရငဲနဲ့ ပုဂေါဇွန်း ရွာတို့မှာ သြဂုတ်နှောင်းပိုင်းနဲ့စက်တင်ဘာလဆန်းပိုင်း ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံခဲ့ရမှု ၇ ခုနဲ့ ပတ်သက်မှုမရှိဘူးလို့ ရေဖြူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ခုက စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၊ T-PDF နဲ့ လောင်းလုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) တို့ ဖြစ်ပါတယ်။

သေနတ်နဲ့ လုပ်ကြံခံရမှုတွေကတော့ ဘဝါရွာက ဦးသံချောင်း၊ မူးဒူးရွာက ဒေါ်ပိုကြည်၊ လဲရှောင်ရွာက ဦးကြည်စိုး၊ ဧကနိရွာက ကိုနွန်ဘွာ၊ ရငဲရွာက ကိုသိန်းအောင်  နဲ့ ပုဂေါဇွန်းရွာ ဦးရဲမြင့်ဦး၊ ဦးစောမင်းထွေးတို့ ပစ်သတ်ခံရတယ်လို့ စာရင်းနဲ့တကွ ဖော်ပြပါတယ်။

အဲဒီဖြစ်စဉ် ၇ ခုအပြင် ရေဖြူမြို့နယ်က ကျေးရွာတွေမှာ ဘယ်အဖွဲ့အစည်း လုပ်ဆောင်တယ်ဆိုတာမသိရဘဲ သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူဒေသခံတဦးက “ဒီလိုထုတ်ပြန်ပေးလိုက်တော့လည်း တမျိုးစိတ်ရှင်းသွားတယ်။ ဒါပေမဲ့ တဖက်မှာလည်း တချို့ လက်သည်မပေါ်တဲ့ လုပ်ကြံမှုတွေရှိသေးတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ တွေအနေနဲ့ ဆက်ဖော်ထုတ်ပေးနိုင်ရင်ပိုကောင်းမယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံသူအများစုဟာ သတင်းပေးလို့ စွပ်စွဲခံရတာ အများဆုံးဖြစ်ပေမဲ့ အဲဒီအချက်အလက်တွေအတွက် သီးခြားအတည်ပြုပေးနိုင်တာမျိုး မရှိပါဘူး။

ထားဝယ်မြစ်တဖက်ကမ်း ရေဖြူမြို့နယ်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့လတွေက စစ်တပ်ကို အားပေးထောက်ခံတဲ့ စွန်ရဲအဖွဲ့က ဧကနိရွာသား ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး အ လောင်းစွန့်ပစ်တာနဲ့ စစ်တပ်က ပုဂေါဇွန်းရွာသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ် အလောင်းဖျောက်တာတွေလည်း ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးမှုဟာ ၂၀၀ ကျော်အထက်မှာ ရှိတယ်လို့ တနင်္သာရီအခြေစိုက် Sounthern monitorအဖွဲ့ရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013