
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ စက်တင်ဘာလအစောပိုင်းကနေ အခုထိ လူနေအိမ်တွေနဲ့ အငှားအိမ်ခန်းတွဲတွေကို နေ့တိုင်းနီးပါ စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်ရောက် စစ်ဆေးနေပြီး ဧည့်စာရင်း မတိုင်တဲ့သူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်တုန်းကလည်း ဧည့်စာရင်းစစ်ဆေး ဖမ်းဆီးတာတွေ ရှိခဲ့ပေမဲ့ သြဂုတ် ၃၀ ရက် ထားဝယ်မြို့ ကညနရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အခုလို စစ်ဆေးဖမ်းဆီးတာတွေ ပိုများလာတာပါ။
ထားဝယ်မြို့ခံ လူငယ်တဦးက "သူတို့က ကင်းလှည့်ရင်း စစ်ချင်တဲ့ နေရာဝင်စစ်တာ။ ဝင်စစ်တဲ့ အချိန်တိုင်းလိုလို ဖမ်းခံရတဲ့သူတွေ ရှိတယ်။ သန်းခေါင်စာရင်းထဲ မပါတဲ့သူ၊ ဧည့်စာရင်းမတိုင်တဲ့ သူတွေကို ဘာမှ မေးမနေဘူး တခါတည်း ဖမ်းသွားတယ်" လို့ ပြောပါတယ်။
ဖမ်းခံရတဲ့သူတွေကို တရားရုံးမှာ ဒဏ်ငွေ ဆောင်ခိုင်းကာ ပြန်လွှတ်ပေးတာတွေ ရှိသလို ရဲစခန်းမှာ ပိုက်ဆံနဲ့ သွားထုတ်ရတာတွေလည်း ရှိပြီး ပိုက်ဆံ ဘယ်လောက်ပေးပြီး ထုတ်ရတာလဲဆိုတာကို တော့ အသေးစိတ်မသိရပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို ဧည့်စာရင်း ဝင်စစ်တဲ့အချိန် တံခါးဖွင့်ပေးတာ နောက်ကျတဲ့ အိမ်တွေဆို တံခါးဖျက်ပြီး ဝင်ရောက်တာတွေလည်း ရှိနေတယ်လို့ မြိုခံတွေက ပြောပါတယ်။
မြောင်းပုလဲရပ်ကွက်က နေအိမ်တချို့ကို စက်တင်ဘာ ၁၀ ရက် ညက ဧည့်စာရင်းဝင်စစ်တဲ့ အချိန် နေအိမ်တံခါးဖျက်ဆီး ဝင်ရောက်ခဲ့တာတွေရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပေမဲ့ ဖမ်းခံရတဲ့သူ ဘယ်နှဦးရှိလဲဆိုတာကိုတော့ သီးခြားအတည် မပြုနိုင်ပါဘူး။
စက်တင်ဘာ ၉ ရက် ညကလည်း ကရပ်ပြင်ရပ်ကွက်ထဲ ဧည့်စာရင်းဝင်စစ်ချိန် အမျိုးသား ၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၂ ယောက်ကတော့ နောက်ရက်မှာ ပြန်လွတ်လာပေမဲ့ တခြား ၁ ယောက် ကတော့ အခုထိ ဖမ်းခံထားရဆဲဖြစ်တယ်လို့ ကရပ်ပြင်ရပ်ကွက်နေသူတွေက ပြောပါတယ်။