
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၁၀ ရက်က စလို့ ရက်ရှည်ရေကြီးမှုဖြစ်ပေါ်နိုင်ပြီး နှစ် ၂၀ အတွင်း အမြင့်ဆုံး မိုးရေချိန်စံချိန်ကိုပင် ကျော်လွန်နိုင်တဲ့ အနီရောင် (Red Level) အဆင့် စိုးရိမ်ဖွယ် အခြေအနေရှိနေတယ်လို့ Global Flood Awareness System (GFAS) က သတိပေး ထုတ်ပြန်ပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် လာမဲ့ရက်တွေအတွင်း မိုးပိုမိုသည်းထန်လာနိုင်ပြီး မြစ်ရေ မြင့်တက်မှုနဲ့အတူ ရက်ရှည်ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဇူလိုင် ၁၆ ရက် ရက်သီတင်းပတ်လောက်အထိ ရခိုင်ပြည်မြောက်ပိုင်းဒေသမှာ ရေကြီးမှုတွေ ရေရှည်မှုဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေ၍ ရက်ဆက်မိုးကြီးနိုင်ပြီး စုစုပေါင်း မိုးရေချိန် ၄၀၀ မီလီမီတာကျော်အထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရေကြီးမှုကြောင့် စိုက်ပျိုးမြေ ဟက်တာ ၃,၆၉၆ (ဧက ၉,၁၃၃) လောက်နဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ တိုက်ရိုက်ထိခိုက်နိုင်တယ်လို့ GFAS က သုံးသပ်ဖော်ပြထားပါတယ်။
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် မြေဆီလွှာ စိုစွတ်မှုလွန်ကဲနေပြီး တောင်ပြို၊ မြေပြိုတာနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာလို့ ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့နဲ့ အန္တရာယ်ရှိတဲ့နေရာတွေမှာ မနေထိုင်ကြဖို့ ဒေသအာဏာပိုင် တွေက တိုက်တွန်းထားပါတယ်။
စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ လိုအပ်တဲ့ ယာယီအမိုးအကာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ သတိပေးဖော်ပြထားပါတယ်။
လက်ရှိရခိုင်မှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားဒေသခံ ကျေးရွာတွေမှာ မိုးကြီးပြီး တောင်ကျ ရေကြောင့် ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










