DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်အင်အားအများအပြား စစ်ကိုင်းတိုင်းမှ ရခိုင်နှင့်ကရင်ဘက်ပို့နေဟု PDF အဖွဲ့များ ပြော
DVB
·
September 11, 2022
စစ်ကောင်စီတပ်အင်အားအများအပြား စစ်ကိုင်းတိုင်းမှ ရခိုင်နှင့်ကရင်ဘက်ပို့နေဟု PDF အဖွဲ့များ  ပြော
Donate to DVB

စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ် အင်အားအများအပြားကို ပြန်နုတ်နေတာဟာ ရခိုင်ပြည်နယ် AA နဲ့ ကရင်ပြည်နယ် KNU အခြေစိုက်ရာဒေသတွေဆီ ပို့ဆောင်တာ ဖြစ်နိုင်တယ်လို့ စစ်ကိုင်းဒေသခံ PDF တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်အားအပြည့်စစ်ကားတွေဟာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်းတပ်မဟာ ၃၃၊ မုံရွာ နမခ တို့ကနေ မန္တလေးတိုင်းဘက်ကို အလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့ မြင်းခြံအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံရွာအနီး စစ်ကောင်စီ ခမရ ၃၅၂ စခန်းကုန်းကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၃၁ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင်အမှတ် ၄၀ မှာတည်ရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

အလားတူ ကရင်ပြည်နယ်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် အင်အားမလုံလောက်တော့တဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းက အင်အားတွေကို မန္တလေးက တဆင့် ရခိုင်နဲ့ကရင်ဘက်ကို အလျင်အမြန်ရွှေ့ပြောင်းနေတာလို့ ဗိုလ်ဇီးရိုး (Zero ပြောက်ကျားတပ်ဖွဲ့) က ပြောပါတယ်။

"ဒီဘက်က အင်အားတွေပြန်နုတ်တယ်ထင်တယ်ဗျ။ ကရင်ဘက်ကိုလည်း ပို့ရတယ်၊ ရခိုင်ဘက်ကိုလည်း ပို့ရတယ်။ အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းဘက်က အင်အားတွေကို ပြန်နုတ်တယ်လို့ ထင်ပါတယ်ဗျ။ စစ်ကိုင်းတိုင်းဘက်က ပြန်ထွက်သွားတဲ့ ကားတွေမှာ အင်အားတွေအပြည့်ပါသလို ဖြစ်နေတယ် ကားတိုင်းမှာ။ စစ်ကိုင်းတပ်မဟာ ၃၃ ကို အခြေပြုပြီးတော့ မန္တလေးကလာတဲ့ ကားကလည်း စစ်ကိုင်းမှာနားတယ်။ စစ်ကိုင်းတပ်မဟာ ၃၃ ကနေမှ ဒီဘက်ကိုပြန်လာတယ်။ နောက်မုံရွာဘက်ကလာတဲ့ ကားတွေကလည်း တပ်မဟာ ၃၃ကို အခြေပြုပြီးတော့ ပြန်လာတယ်။ ဒီနေ့လာတဲ့ ကားတွေကတော့ တော်တော်အရေးကြီးကိစ္စကြောင့်လိုထင်တယ်။ ဘာလို့လဲဆို ခါတိုင်း သူတို့မုံရွာဘက်ကလာတဲ့ ကားတွေက အလကပ၊ ဝင်းပြည့် ဒါမှမဟုတ် မြင်းမူ အဲ့ဒီမှာအမြဲတမ်း တထောက်နားတတ်တယ်။ ဒီနေ့ကားတွေဟာ လုံးဝတထောက်နားတာမရှိဘဲ ဆက်တိုက်မောင်းတာတွေ့ရတယ်ဗျ။"

AA က သိမ်းပိုက်လိုက်တဲ့ နယ်ခြားစောင့်စခန်းကို စစ်ကောင်စီက ပြန်လည်ရရှိရေးအတွက် စစ်ကူတွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကိုင်းတိုင်းဒေသတွင်း ပင်မလမ်းပိုင်းအများစုကိုတော့ ဒေသတွင်း PDF တွေက ပိတ်ဆို့ထားပြီး အခွင့်အရေးရရင်ရသလို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။ 

မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီးလမ်းပိုင်း၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဂန့်ဂေါလမ်းပိုင်းတွေကိုလည်း PDF တွေက အချိန် ၃ လကျော် စောင့်ကြည့်ပိတ်ဆို့ထားနိုင်တယ်လို့ ဗိုလ်နေတိုး (ခင်ဦး IR အဖွဲ့) က ဆိုပါတယ်။

"ရေဦးနဲ့ ခင်ဦးလမ်းကြောပိုင်းဆိုင်ရာကတော့ ဒေသခံ Local PDF တွေက လမ်းကြောကို ပိတ်ပစ်ထားတာ ၃ လကျော်သွားပြီဗျ။"

စစ်ကောင်စီဟာ သူတို့အပိုင်ထိန်းချုပ်နိုင်တဲ့ နယ်မြေ၊ မြို့နယ်တွေတဖြည်းဖြည်းလျော့ကျလာပြီး လက်ရှိအချိန်မှာ မြို့နယ်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်နေပြီလို့ NUG သမ္မတရုံးပြောခွင့်ရှိသူက ပြောပါတယ်။ 

နိုင်ငံတဝန်းနေရာစုံမှာ စစ်မျက်နှာဖွင့်နေရတဲ့အတွက် စစ်သားအင်အားအလုံအလောက်မရှိတော့ဘဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ကူသုံးတာမျိုးတွေ ပိုလုပ်လာတာကို တွေ့ရတယ်လို့ ဦးကျော်ဇော် (NUG သမ္မတရုံးပြောခွင့်ရှိသူ) က ပြောပါတယ်။

"စစ်မြေပြင်မှာ သူတို့ရှုံးနိမ့်နေတယ်။ သူတို့နယ်မြေတွေကို မစိုးမိုးနိုင်တော့ဘူး။ လေယာဉ်နဲ့လက်နက်ကြီးနဲ့ပစ်မယ်။ အလုံးအရင်းနဲ့ ရာနဲ့ချီပြီးမှ ထွက်လာရဲတဲ့ဘဝ ရောက်နေတယ်။ သူတို့တွေ ရှုံးနိမ့်နေတဲ့အခါမှာ ရှုံးမဲမဲပြီးတော့ လက်နက်မရှိတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်တာတွေ ပိုပြီးလုပ်နေတာတွေ့ရတယ်။ ဒါပေမယ့် သူတို့ကို မကြာခင်အချိန်မှာ ပြည်သူ့ခုံရုံးက စီရင်နိုင်တော့မှာ ဖြစ်ပါတယ်။" 

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၁၈ လကျော်အကြာမှာ နိုင်ငံတဝန်းမြို့နယ် ၃၃၀ ထဲက ၇၂ မြို့နယ် (မြို့နယ်စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်း) ကိုသာ အပိုင်ထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီအဖွဲ့ SAC- Myanmar က စက်တင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးအားသာလာတဲ့နယ်မြေ ၃၂ မြို့နယ် (၁၀ရာခိုင်နှုန်း) အထိရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ထားတဲ့နယ်မြေက ၂၈ မြို့နယ် (၉ ရာခိုင်နှုန်း) အထိ ရှိနေပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အုပ်ချုပ်ရေးခိုင်မာအောင်တည်ဆောက်လာနိုင်တဲ့နယ်မြေက ၁၃ မြို့နယ် (၄ ရာခိုင်နှုန်း) ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အပြည့်အဝထိန်းချုပ်နိုင်တဲ့ နယ်မြေက ၆ မြို့နယ် ( ၂ ရာခိုင်နှုန်း) အထိရှိနေတယ်လို့  SAC- Myanmar က ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013