DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်
DVB
·
September 8, 2022
ဘီးလင်းတွင် စစ်ကောင်စီတပ်က ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ လေကေးစခန်းတပ်ချိန်းစဉ် စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၉ ဦးကို လူသားဒိုင်းကာအဖြစ် အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လေးကေစခန်းကို နေရာလဲလှယ်တပ်ချိန်းသွားတဲ့ အာဏာသိမ်း စစ်ကောင်စီ ခမရ (၄၀၁) နဲ့ ခမရ (၄၁၀) ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝင်းတာပန်စစ်ကောင်စီစခန်းကို အပြန်လမ်းမှာ ဒေသခံအရပ်သား ၉ ဦကို လူသားဒိုင်းကာအဖြစ် အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေထဲမှာ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတို့က ရွာသား ၆ ဦး၊ နော့ကတိုခီး၊ ကျောက်တောင်နဲ့ နို့တလာအောတို့က ရွာသား ၁ ဦးစီ၊ စုစုပေါင်း ၉ ဦး ပါဝင်ပါတယ်။

အဲဒီထဲက ကားမဲကျေးရွာနဲ့တာပေါခီးကျေးရွာ ရွာသား ၆ ဦးကို စက်တင်ဘာ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ရွာသား ၃ ဦးကိုတော့ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၇ နာရီလောက်မှာ စစ်ကောင်စီ ပိန္နဲတောစခန်းကို လူသားဒိုင်းကာအဖြစ် ထပ်မံ ခေါ်ဆောင်သွားတာပါ။

KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က “စစ်ကောင်စီတွေ တပ်ချိန်းတော့ လမ်းမှာတွေ့တဲ့ ရွာသားတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ခေါ်သွားတာ၊ ၆ ဦးတော့ ပြန်လွတ်လာပြီး၊ ကျန်တဲ့ရွာတွေကတော့ အခုထိ မလွှတ်ပေးဘူး။ ဒီလုပ်ရပ်က အရပ်သားပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်ကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်တာ၊ ပေါ်တာဆွဲတာအပြင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုတွေ ရပ်တန့်ဖို့ လိုကြောင်းနဲ့ အခုလို လုပ်ရပ်တွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာဖို့ပဲ ရှိမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့ကလည်း လေးကေစခန်းကို တပ်ချိန်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင့်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေးအင်အားစုတို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013