DVB Logo
Home
Lead Story
မင်းအောင်လှိုင်တို့ ကျူးလွန်တဲ့ ပြည်သူ့သွေးလူးတဲ့သမိုင်း အစွန်းအထင်းဆိုတာ ဘာနဲ့မှ ချွတ်လို့ မကျွတ်နိုင်ဘူး
DVB
·
September 8, 2022
မင်းအောင်လှိုင်တို့ ကျူးလွန်တဲ့ ပြည်သူ့သွေးလူးတဲ့သမိုင်း အစွန်းအထင်းဆိုတာ ဘာနဲ့မှ ချွတ်လို့ မကျွတ်နိုင်ဘူး
Donate to DVB

လူ့လောကမှာ ချွတ်လို့ရတဲ့ အစွန်းအထင်းဆိုတာ ရှိသလို ဘာနဲ့မှချွတ်လို့ မကျွတ်နိုင်တဲ့ အစွန်းအထင်းမျိုးတွေလည်း ရှိပါတယ်။ ဒီကနေ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်ခွေးတအုပ်မှာ ပြည်သူလူထုရဲ့ သွေးမျက်ရည်တွေ ရွှဲနစ်နေအောင် လူးပေနေတဲ့ ကမ္ဘာကျော် သမိုင်းအစွန်းအထင်းကြီးကတော့ ဘယ်လိုချွတ်ချွတ် မကျွတ်နိုင်တော့ဘဲ ဒီဘဝသက်တမ်းအတွင်းမှာသာမက သံသရာအဆက်ဆက်ထိ အခွင့်သာတိုင်း လိုက်ပါလို့ ဆိုးကျိုးပေးနေမယ့် အကုသိုလ် အညစ်အထေးကွက်ကြီး ဖြစ်ပါတယ်။

ပြည်သူလူထုက ဘယ်တော့မှ ခွင့်မလွှတ်တော့မယ့် ဖက်ဆစ်စစ်တပ်နဲ့ လက်ပါးစေ နောက်လိုက်တွေ၊ ထောက်ခံဝိုင်းရံသူတွေဆိုတာ ပြန်ချွတ်လို့မကျွတ်နိုင်တော့တဲ့ စစ်ရာဇဝတ်မှု အစွန်းအထင်းတွေ၊ နိုင်ငံတော်နဲ့ ပြည်သူကို လုပ်ကြံတဲ့ အစွန်းအထင်းတွေ လိမ်းကျံလို့ ရခဲတဲ့လူ့ဘဝကို အကျိုးမဲ့ အချည်းအနှီး ဖြစ်စေခဲ့ကြတာမို့ ဆင်းရဲဒုက္ခကြီးပြီး ပိုနိမ့်ကျတဲ့ဘဝတွေဆီကို ရောက်ကျရမယ့် လူ့တိရစ္ဆာန်မျိုးတွေသာ ဖြစ်ကြပါတယ်။

ဖက်ဆစ်စစ်တပ်က အာဏာလုပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မီးလျှံကြီးကြောင့် အရပ်သားပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရသလို သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးစစ်ရှောင်ဒုက္ခသည် လူဦးရေဟာ ၁ သန်းကျော် ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ရဲ့ အတ္တလောဘအတွက် အခုလို ပြည်သူ‌‌တွေရဲ့ တန်ဖိုးရှိတဲ့အသက်တွေ ဆုံးရှုံးအောင်၊ သန်းချီတဲ့ပြည်သူ‌တွေ ခိုကိုးရာမဲ့ဘဝရောက်အောင် ကျူးလွန်ခဲ့ကြတဲ့ စစ်ဗိုလ်ယုတ်အသိုင်းအဝိုင်းရဲ့ သမိုင်းအစွန်းအထင်း အညစ်အကြေး အကျိုးဆက်တွေဟာ သူတို့တင်မက သူတို့ရဲ့မျိုးဆက်တွေရဲ့ အနာဂတ်ထိပါ အစဉ်အမြဲ လိုက်ပါခြောက်လှန့်နေမှာ ဖြစ်တယ်။

တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂဠုန်ဦးစောရဲ့ မျိုးဆက်တွေ၊ အာဏာရှင်နေဝင်း၊ သန်းရွှေတို့ရဲ့ သားသမီး မြေးမြစ်တွေအထိကို ပြည်သူလူထုက ဘယ်တော့မှ မေ့ဖျောက်ခွင့်လွှတ်မှာ မဟုတ်တာမို့ သူတို့အသိုင်းအဝိုင်းတွေဟာ ဘယ်တော့မှာ လိပ်ပြာသန့်သန့်နဲ့ လူတောတိုးနိုင်မှာ မဟုတ်ပါဘူး။

သူတို့တင်မက သူတို့ရဲ့ ဆွေစဉ်မျိုးဆက် လူတောမတိုးရဲအောင်၊ ခေါင်းမမော့ဝံ့အောင် သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ အကုသိုလ်အညစ်အကြေး အရိပ်မည်းကြီးတွေက ထက်ကြပ်မကွာ လိုက်ပါခြောက်လှန့်နေမှာ ဖြစ်တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းကတည်းက မြန်မာနိုင်ငံမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ရှိနေပြီး စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးရုံးက ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီးသား ဖြစ်ပါတယ်။

စစ်အကြမ်းဖက်ဂိုဏ်းက ဘီလူးသဘက်‌တွေဟာ ပြည်သူလူထုရဲ့ အသက်တွေကို အလေးထား တန်ဖိုးထားရမှန်းမသိတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာ၊ အရပ်သားတွေကို သေနတ်နဲ့ ဦးခေါင်းတေ့ ပစ်သတ်တာ၊ တရားလက်လွတ် ဖမ်းချင်သလို ဖမ်းဆီးနေတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ လူသားဒိုင်းလုပ်တာတွေကို စစ်ကောင်စီက ကျူးလွန်နေခဲ့၊ ကျူးလွန်ဆဲဆိုတာကို မငြင်းဆိုနိုင်တဲ့ ဓာတ်ပုံ ဗွီဒီယို သက်သေအထောက်အထားပေါင်း သိန်းချီရှိနေပြီ ဖြစ်တယ်။

ကမ္ဘာပေါ်မှာ ရုပ်ဆိုးအကျည်းတန်စွာ ပေါ်ထွန်းဖူးတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့ကြလို့ နာမည်ဆိုးနဲ့ထင်ရှားတဲ့ ဂျီနိုဆိုက်လို့ခေါ်ကြတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အထဲက တချို့ကို ဒီဆောင်းပါးမှာ ထည့်သွင်းရေးသားလိုက်ပါတယ်။

၁) ၁၉၁၅ ခုနှစ်ကနေ ၁၉၁၇ ခုနှစ်အထိ ပထမကမ္ဘာစစ်အတွင်း အော်တိုမန်အင်ပါယာထဲက အာရှမိုင်းနားမှာရှိ အနာတိုလီယာ (ယခု တူရကီနယ်မြေအတွင်း) နေထိုင်ကြတဲ့ အာမေးနီးယန်း လူမျိုးတွေကို အတင်းအကျပ် အစ္စလ္လာမ်ဘာသာသွတ်သွင်းမှု၊ ဆီးရီးယားသဲကန္တာရဆီ အတင်းအကျပ် နေရာပြောင်းရွှေ့မှုတွေကြောင့် အာမေးနီးယန်းလူမျိုး ၈ သိန်းနဲ့ ၁ သန်းကျော် သေဆုံးခဲ့ရတဲ့ အာမေးနီးယန်း ဂျီနိုဆိုက်အမှု၊

၂) ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ဂျာမနီအာဏာရှင် ဟစ်တလာရဲ့ ဂျူးလူမျိုး (၆) သန်းကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ (The Holocaust also known as the Shoah) ဥရောပ ဂျူးလူမျိုးများ ဂျီနိုဆိုက်အမှု၊

၃) ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အတွင်း ယူဂိုဆလားဗီးယားက ခွဲထွက်လာတဲ့ ဘော့စနီးယား - ဟာဇီဂိုးဗီးနားမှာ ဘော့စနီးယား ဆာ့ဗ်ခေါင်းဆောင်တွေက ဘော့စနီးယား မွတ်ဆလင်တွေနဲ့ ခရိုအေးရှား အရပ်သားတွေကို ဦးတည်တိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် အရပ်သား ၁ သိန်းကျော် အသက်ဆုံးခဲ့ရတဲ့ ဘော့စနီးယားဂျီနိုဆိုက်၊

၄) ၁၉၉၄ ခုနှစ် ဧပြီလကနေ ဇူလိုင်လအထိ ၃ လအတွင်း ရဝမ်ဒါနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ ဒေသခံ စစ်လက်နက်ကိုင်တပ်ဖွဲ့တွေ လက်ချက်နဲ့ လူနည်းစု တပ်ဆီမျိုးနွယ်စုအများစုနဲ့ တခြားလူနည်းစု ဟူတူ၊ တွာ အရပ်သား ၅ သိန်းကနေ ၆ သိန်းကျော် အသက်ဆုံးပါးခဲ့ရတဲ့ ရဝမ်ဒါဂျီနိုဆိုက်၊

၅) ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့တဲ့ ဆူဒန်နိုင်ငံအနောက်ပိုင်းက ဒါဖာဒေသမှာ ခါတွန်အစိုးရနဲ့ ဒါဖာလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ကြား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် ဒါဖာလူမျိုးစု ၁ သန်းဟာ အကြမ်းဖက် မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ ဒါဖာဂျီနိုဆိုက်၊

၆) အီသီယိုးပီးယားနိုင်ငံ တိုက်ဂရေ့စ်ဒေသမှာ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ အစရှာမရဘဲ ပျောက်ဆုံးသွားတဲ့ အမ်ဟားရား (Amhara) လူမျိုးစု ၂ သန်း သတ်ဖြတ်ခံနေရတဲ့ အမ်ဟားရားဂျီနိုဆိုက်၊

၇) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အောက်တိုဘာ ၂၀၁၆ ခုကနေ ဇန်နဝါရီ ၂၀၁၇ ခုနှစ်အထိ မြန်မာစစ်အာဏာရှင်တပ်က ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦးကို တိုက်ခိုက်ချေမှုန်းရင်း ကျူးလွန်ခဲ့လို့ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်များ အပါအဝင် ရိုဟင်ဂျာလူမျိုးစု အမြောက်အမြား အကြမ်းဖက် သတ်ဖြတ်ခံရပြီး လူဦးရေ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အတင်းအကျပ် ပြောင်းရွှေ့ခဲ့ရတဲ့ ရိုဟင်ဂျာဂျီနိုဆိုက်၊

၈) မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကစပြီး စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ ခါးပိုက်‌ဆောင် စစ်တပ်က ဒီမိုကရေစီနည်းကျ အနိုင်ရထားတဲ့ တရားဝင်အစိုးရထံက အာဏာလုယူခဲ့ပြီး လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တာမို့ လက်နက်ကိုင် တော်လှန်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် လူပေါင်းထောင်ချီ မီးရှို့သတ်ဖြတ် ပစ်ခတ်သတ်ဖြတ်ခံရပြီး စစ်ပြေးစစ်ရှောင် လူဦးရေ ၁ သန်းကျော်လာတဲ့ မြန်မာဂျီနိုဆိုက်၊စတာတွေ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ကျေးဇူးရှင် အမိ အဘ ပြည်သူတွေပိုင်တဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာတွေကို လက်နက်အားကိုးနဲ့ လုယူ၊ နိုင်ငံပိုင် ပြည်သူပိုင် ဓနဥစ္စာတွေ ခိုးဆိုးလုယက်ပြီး မသန့်ရှင်းစွာ ရယူခံစားရုံမက ပြည်သူလူထုကို အရက်စက်ဆုံး နည်းလမ်းတွေနဲ့ သတ်ဖြတ်ခဲ့ သတ်ဖြတ်နေဆဲမို့ စစ်ဘီလူးဓားပြဂိုဏ်း‌ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ပါးစေ စစ်ခွေးတအုပ်ရဲ့ ပါးစပ်နဲ့ အစွယ်တွေ၊ လက်သည်းမှာ ပေကျံနေတဲ့ ပြည်သူ့သွေးလူးတဲ့ သမိုင်းအစွန်းအထင်းတွေ၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ဂျီနိုဆိုက် ရာဇဝတ်မှုတွေဆိုတာ ဘာနဲ့မှချွတ်လို့ မကျွတ်နိုင်တဲ့အပြင် ဒီဘဝမှာ သူတို့ရှင်သန်နေသ၍ သာမက သံသရာဘဝအဆက်ဆက် အရိပ်ပမာ ထက်ကြပ်လိုက်ပါပြီး အစဉ်အမြဲ ခြောက်လှန့် ဒုက္ခပေးနေတော့မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013