DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် ရေလယ်ကျွန်း ဒေသခံ ၅၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်
DVB
·
September 8, 2022
စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် ရေလယ်ကျွန်း ဒေသခံ ၅၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို သြဂုတ် ၂၆ ရက်ကနေ ဒီနေ့အထိ စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေလို့ ကျေးရွာ ၃၀ ကျော်လောက်က ဒေသခံပြည်သူ ၅၀,၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မီးဘေးနဲ့ စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ မီးဘေးသင့်ပြည်သူများ ထောက်ပံ့ကူညီရေးအဖွဲ့ ဒုတိယတာဝန်ခံ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရေခဲက “ကျ‌‌နော်တို့ ရေလယ်ကျွန်းဒေသကို သြဂုတ် ၂၆ ရက်ကနေ မြင်းခြံဘက်က စစ်ကြောင်းထိုးပြီး ငတရော်ကျေးရွာက အိမ်ခြေ ၄၀၀ ကျော်၊ လှေခုတ်ကျေးရွာက နေအိမ် ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီနောက် မြောင်မြို့နယ်ဘက်ကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ ထိုးလာတဲ့ စစ်ကြောင်းက မြေတော်ရွာမှာ တညအိပ်ပြီး အိမ်ခြေ ၂၀ ကျော်လောက် မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေစကြိုဘက်ကနေ စက်တင်ဘာ ၆ ရက်မှာ စစ်ကြောင်းတကြောင်းထိုးလာပြီး ပေါက်တောကျွန်းရွာကို စတင်ဝင်ရောက်ကာ မီးလောင်ကျွန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို ရေလယ်ကျွန်းဒေသကို ရွေ့လျားစစ်ကြောင်း ၃ ကြောင်းနဲ့ မင်းရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အထိုင်စစ်ကြောင်းတကြောင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ဗိုလ်ရေခဲက “ရေလယ်ကျွန်းဒေသမှာ ကျေးရွာပေါင်း ၄၃ ရွာရှိတဲ့အနက် ကျေးရွာ ၃၀ ကျော်လောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရလို့ စစ်ဘေးရှောင်ပြည်သူ အရမ်းများပြားတဲ့အတွက် အကူအညီ အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေတယ်။ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကတော့ ၅၀,၀၀၀ လောက်ရှိနိုင်ပြီး အတိအကျ မသိရသေးဘူး။ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်တဲ့သူတွေ ရှိသလို တချို့ ရွာတွေမှာ တိမ်းရှောင်တဲ့သူတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

လောလောဆယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့ နေရာတွေကို သွားရောက်ကူညီပေးဖို့ စတင်ဆောင်ရွက်နေပြီး စစ်ဘေးရှောင် အင်အားများပြားလို့ ရှိတဲ့ရန်ပုံငွေနဲ့ မလုံလောက်ဘဲ အရေးပေါ် အထောက်အပံ့ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့ အိမ်ခြေ ၁,၀၀၀ လောက်ရှိပြီး ကျေးရွာအရေတွက်ကတော့ ၂၀ လောက်ရှိကာ တချို့ရွာတွေဆိုရင် ၂ ကြိမ်၊ ၃ ကြိမ်အထိ ဝင်ရောက် မီးရှို့ခံခဲ့ရကြတယ်လို့ ပြောပါတယ်။

ရေလယ်ကျွန်းဒေသက စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းမယ်ဆိုရင် ရေလယ်ကျွန်းဒေသ မီးဘေးသင့်ပြည်သူများ ကူညီထောက်ပံ့ရေးအဖွဲ့နဲ့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ စာမျက်နှာတွေအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကနေ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

လှေခုတ်ကျေးရွာဒေသခံ စစ်ဘေးရှောင်ပြည်သူတယောက်က “စစ်(...)တွေ စစ်ကြောင်းထိုးလာလို့ မိုးရွာထဲ၊ နေပူထဲတွေမှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်လာတာ ၅ ရက်လောက်ရှိနေပြီး စားရေးသောက်ရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ရှိနေတယ်” လို့ ပြောပါတယ်။

လှည်းတွေနဲ့ပြေးသူပြေး၊ ခြေလျင်ပြေးသူပြေးနဲ့ ထွက်ပြေးလာရပြီး ကျွန်းပေါ်က အပင်အောက်တွေမှာ မိုးကာတဲထိုးပြီး နေထိုင်ကြရသလို ကျွန်းပေါ်မှာ အပင်တွေလည်း သိပ်မရှိတဲ့အတွက် လှည်းဘေးလေးတွေမှာပဲ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

လှေခုတ်ကျေးရွာ စစ်ဘေးရှောင်တယောက်က “စစ်(...)တွေဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် မီးမလောင်တဲ့နေအိမ်တွေက ဆန်၊ စပါး၊ ပဲ၊ ကောက်ပဲသီးနှံတွေကို ရေတွေနဲ့ဖျန်း၊ ဓာတ်ဆီတွေလောင်းကာ အဖိုးတန်ပစ္စည်း တွေနဲ့ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်သွားကြတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ အင်အားအလုံးအရင်း အသုံးပြုပြီး အသဲအသန် ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅,၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈,၄၃၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013