DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပြီးသား လူငယ်များ ပြည်ပ အလုပ်ထွက်လုပ်ခွင့် တကယ်ရနေပြီလား
သီရိ
·
August 7, 2026
Photo: MOI
Photo: MOI
Donate to DVB

စစ်မှုထမ်းပြီးတဲ့လူငယ်တွေ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ဆိုပြီး စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တာဝန်ကျေပွန်စွာ စစ်မှုထမ်းဆောင်ခဲ့တဲ့သူတွေ ပြည်ပကို သွားရောက်အလုပ်လုပ်ဖို့ ဆန္ဒပြုလာပါက မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၄ ရက် ပြုလုပ်တဲ့ ပြည်တွင်းအလုပ်အကိုင် ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

စစ်အာဏာရှင်အစိုးရအနေနဲ့ ပြည်ပလုပ်သမားစေလွှတ်တာတွေကို ပိုမိုမြန်ဆန်ဖို့အတွက် မလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဖြေလျှော့ဆောင်ရွက်ပေးတာ၊ ပိုကောင်းတဲ့ ပြည်ပလုပ်သား ဈေးကွက် ရရှိစေဖို့ကိုလည်း အလေးထား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မှု ပိုမိုရရှိစေဖို့ကိုလည်း အလေးထားဆောင်ရွက်သလို ပြည်တွင်းမှာလည်း လုပ်သားအင်အားဆုံးရှုံးမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အခုလို စစ်မှုထမ်းဆောင်ပြီးတဲ့သူတွေကို သူတို့သွားရောက်မဲ့ နိုင်ငံတွေမှာ ခေါ်ယူနေတဲ့ အလုပ်တွေနဲ့ ချိတ်ဆက်ပြီး ကုန်ကျစရိတ်မရှိအောင် လုပ်ဆောင်ပေးနေတဲ့ကိစ္စတွေဟာ အမှန်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပြည်ပကို သွားချင်တဲ့သူတွေအတွက်ကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် နယ်မြေအလိုက် ဌာနဆိုင်ရာကို အကြောင်းကြားပြီး သက်ဆိုင်ရာ စစ်မှုထမ်းဝင်ခဲ့တဲ့ တပ်တွေကနေ သတင်းပို့လာတာရှိတယ်။ ပြည်ပကိုသွားတဲ့အခါ အေဂျင်စီတွေကနေ အတတ်နိုင်ဆုံး သက်သာအောင် လုပ်ပေးရမယ်။ MOEA အနေနဲ့ကတော 0 cost နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ခေါ်တဲ့အလုပ်တွေကို အလုပ်တွေကို လိုက်ရှာပြီး သူတို့သွားနိုင်မလား တင်ပြပေးတာပေါ့။”

စစ်အာဏာရှင်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်စေခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်လာတာ အခုဩဂုတ်လထဲမှာ စစ်မှုထမ်း အပတ်စဉ် ၂၇ ကို ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးကတည်းက စစ်မှုထမ်း အသက်အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြားလူငယ်တွေကို သူတွေကို ပတ်စ်ပို့ စာအုပ်လုပ်ခွင့်နဲ့ ပြည်ပထွက်ခွင့် ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ စစ်မှုထမ်းပြီးသားသူတွေကို ပြည်ပထွက်ခွင့် ပိုပြီး အခွင့်အရေး ပေးနေတဲ့အတွက် စစ်မှုမထမ်းရသေးတဲ့ လူငယ်တွေက ပြည်ပကိုထွက်ခွာခွင့်ရဖို့ ခက်ခဲနေသလို ကုန်ကျစရိတ်ကလည်း ပိုများနိုင်ပါတယ်။

စင်ကာပူနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ခေါ်ယူတဲ့ အလုပ်တခုမှာတော့ စစ်မှုမထမ်းရသေးတဲ့လူငယ်တွေက အလုပ်ရရှိဖို့အတွက် ကျပ်သိန်း ၁၄၀ ကုန်ကျမှာဖြစ်ပြီး စစ်မှုထမ်းဆောင်ပြီးသူတွေကတော့ တာဝန်ပြီးဆုံးကြောင်း ထောက်ခံစာပြနိုင်ရင် ကျပ်သိန်း ၁၀၀ သာ ကုန်ကျမယ်လို့ အေဂျင်စီတခုက ပြောပါတယ်။

“သူတို့စစ်မှုထမ်းခဲ့တာ မှန်ကန်ကြောင်း ထောက်ခံစာတွေ ဘာတွေ ရှိတယ်ဆိုရင်တော့ ရပါတယ်၊ အခွင့်အရေးပေးတဲ့ သဘောလားဆိုတော့ မဟုတ်ပါဘူး။ သူတို့က တာဝန်ထမ်းပြီးသား ဖြစ်တဲ့အတွက် တာဝန်ကျေပြီပေါ့နော်၊ မထမ်းရသေးတဲ့သူကတော့ ငြိတယ်ဆိုတဲ့သဘောပေါ့၊ သီးသန့်ညွှန်ကြားထားတာတော့ မရှိဘူး။”

စစ်အာဏာရှင်အစိုးရ အနေနဲ့ လူငယ်တွေ စစ်မှုထမ်းဆောင်ပြီးပါက ပြည်ပပို့ဆောင်ပေးမယ် ဆိုတာက လူငယ်တွေကို စစ်မှုထမ်းချင်လာအောင် မက်လုံးတွေပေးနေပေမဲ့ လက်တွေ့မှာတော့ ယုံကြည်ချင်စရာမရှိဘူးလို့ လူငယ်တွေက ပြောပါတယ်။

လက်တွေ့မှာ ပြည်သူ့စစ်မှုထမ်းနဲ့ စစ်တပ်ထဲဝင်ရောက်ခဲ့ရတဲ့ လူငယ်တွေဟာ သတ်မှတ်ကာလ ၂ နှစ်ထက်ပိုပြီး တာဝန်ထမ်းဆောင်ရတာရှိသလို တိုက်ပွဲမှာ ထိခိုက်နိုင်မဲ့ အန္တရာယ်လည်း များတဲ့အတွက် လူငယ်တွေကတော့ စစ်မှုမထမ်းချင်ဘူးလို့ တနင်္သာရီဒေသက တက်ကြွလှုပ်ရှားသူ လူငယ်တယောက်က ပြောပါတယ်။

“စစ်မှုထမ်းဥပဒေ မပေါ်ပေါက်ခင်ကတည်းက လူငယ်တွေက ပြည်ပကို ထွက်ချင်သလို ထွက်လို့မရတဲ့ အခြေအနေပေါ့နော်။ စစ်မှုထမ်း ဥပဒေထွက်ပြီးတော့ ပိုဆိုးလာတဲ့ အနေအထားပေါ့နော်။ ဥပမာ လေဆိပ်ရဲ့ လဝကမှာ ပိုက်ဆံတွေပေးပြီးထွက်လာရတဲ့ အနေအထားတွေက နဂိုကတည်းက ရှိပြီးသားပေါ့နော်။ အခုကျတော့ အဲဒီအခြေအနေထက် ပိုဆိုးလာမှာပေါ့နော်။ စစ်တပ်ထဲကို ဝင်သွားပြီးဆိုရင် စစ်မှုထမ်းဥပဒေကြောင့်ပဲဝင်ဝင်၊ ကိုယ့်ဟာကိုယ် ဝင်ချင်လို့ပဲဝင်ဝင် တော်ရုံထွက်ဖို့က တအားခက်ခဲတယ်ပေါ့နော်။ အဲ့တော့ အဲဒီအခြေအနေကို ကိုယ်က သိရှိထားပြီးတော့ သူတို့ပြောတဲ့အတိုင်း မယုံကြည်ဖို့လိုတယ်။”

စစ်အာဏာရှင်တပ်ဟာ စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသားသစ်ကို ညွှန်ကြားချက်အတိုင်း စနစ်တကျ ခေါ်ယူနေတယ်လို့ ပြောဆိုနေပေမဲ့ သူတို့စိုးမိုးထားတဲ့ဒေသတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013