DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့ကို အရေးပေါ်စားနပ်ရိက္ခာများ WFP ပေးပို့
DVB
·
September 8, 2022
ပလက်ဝမြို့ကို အရေးပေါ်စားနပ်ရိက္ခာများ WFP ပေးပို့
Donate to DVB

စစ်ဘေးဒဏ်ခံနေရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို အရေးပေါ်စားနပ်ရိက္ခာတွေ ပေးပို့ပေးနိုင်ခဲ့ပြီး ဖြန့်ဖြူးဖို့အတွက်တော့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ဟာ အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေကို ပို့ပေးနိုင်ဖို့ ဩဂုတ်လဆန်းပိုင်းကပဲ အကြိမ်ကြိမ်ကြိုးစားနေခဲ့ပြီး အခုရက်ပိုင်းမှာ လုံခြုံရေးအခြေအနေတွေဆိုးရွားနေတဲ့ကြားထဲက ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်တာပါ။

WFP ရဲ့ ဌာနေကိုယ်စားလှယ် စတီဖန်အန်ဒါဆန်က  "WFP အနေနဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို တတ်နိုင်သမျှအမြန်ဆုံး ဖြန့်ချိပေးဖို့ မျှော်လင့်ထားပါတယ်။ ဒီလို အမြန်ဆုံးဖြန့်ချိပေးနိုင်အောင်လည်း ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မကြာသေးမီက ပေးပို့ထားတဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေကို အသက်ကယ်ဆယ်ရေးနဲ့ အာဟာရ အ‌ထောက်အပံ့တွေအဖြစ် ပေးအပ်ဖြန့်ဖြူးသွားမှာဖြစ်ပြီးတော့၊ အကျိုးခံစားခွင့်ရှိသူတွေရဲ့ စက်တင်ဘာလကုန်အထိ လိုအပ်ချက်တွေကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ဖို့ အတွက်လည်း စီစဥ်ထားပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းက နေရပ်စွန့်ခွာလာရသူတွေနဲ့ ပဋိပက္ခဒဏ်ခံစားနေရသူ ၉၀၀၀ လောက်အတွက် မက်ထရစ်တန်ချိန် ၁၅၀ ရှိတဲ့ စားနပ်ရိက္ခာမျိုးစုံကို ပို့ဆောင်ထားတာဖြစ်ပြီး လာမယ့်ရက်တွေမှာလည်း ထပ်တိုးပေးပို့ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာပြီးတဲ့နောက်ပိုင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံရတာကြောင့် ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်တာတွေကို ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ ဌာနေကိုယ်စားလှယ်က “သွားရောက်ကူညီခွင့်ရရှိမှုနဲ့ အရင်းအမြစ်ရရှိမှုအပေါ် မူတည်ပြီးတော့ ပလက်ဝဒေသတင်မကဘဲ မြန်မာနိုင်ငံရဲ့ တခြားသောနေရာဒေသတွေက စားနပ်ရိက္ခာအခက်အခဲ တွေ့ကြုံနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ဆက်လက်ပံ့ပိုးပေးကူညီသွားဖို့ ကျနော်တို့ WFP အနေနဲ့ ကတိကဝတ်ပြုထားပါတယ်။ ဒါ့အပြင် ကျနော်တို့ WFP အနေနဲ့ မကြာသေးမီက လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို အနီးကပ်လေ့လာနေပြီးတော့ တုံ့ပြန်ရန်ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

WFP က ပေးပို့ထားတဲ့ စားနပ်ရိက္ခာတွေထဲမှာ အသက်ကယ် စားနပ်ရိက္ခာအ‌ကူအညီတွေဖြစ်တဲ့ ဆန်၊ ပဲ၊ ဆီနဲ့ ဆားတို့ ပါဝင်ပြီးအထောက်အပံ့တွေထဲမှာတော့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် နို့တိုက်မိခင် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အာဟာရချို့တဲ့မှုအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ အာဟာရအထောက်အပံ့တွေပါဝင်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013