DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်သားများ လစာမရသည့်အပြင် ခြိမ်းခြောက်ခံရ
DVB
·
September 7, 2022
Donate to DVB

ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ အောစူပါက တဆင့်ထုတ်ယူသွားသလို အလုပ်ရှင်ကလည်း အထည်တွေ ပြီးအောင် မချုပ်ပါက တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ နစ်နာသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ သုခအောင် အထည်ချုပ်စက်ရုံက အလုပ်သမား ၂၄ ယောက်ဟာ လုပ်ခလစာ မရတဲ့အပြင် ကျန်ရှိတဲ့အထည်တွေကို ပြီးစီးအောင် မချုပ်ပါက တရားစွဲခံရမယ်ဆိုပြီး လုပ်ငန်းရှင်က ခြိမ်းခြောက်ကာ စက်ရုံအတွင်း ပိတ်လှောင်ခဲ့တာလို့ ဆိုပါတယ်။

“အောစူပါ ယူချင်း မယူချင်းက သူတို့နဲ့ မဆိုင်ဘူးလေ။ အလုပ်ရှင်မှာပဲ တာဝန်ရှိတာ။ လစာကို အလုပ်ရှင်ကပဲ တိုက်ရိုက်ပေးရတာလေ။ အောစူပါကို ပေးရတာမှမဟုတ်တာ။ ဒါကြောင့်မို့ အလုပ်သမားတွေက လက်မခံနိုင်ဘူး။ အပြင်ထွက်မယ်ပေါ့။ အလုပ်သမားနဲ့ အလုပ်ရှင် ဖျန်ဖြေရေးရုံးကို သွားမယ်လို့ ပြောတယ်။ အဲ့လိုပြောတော့ အလုပ်ရှင်က နင်တို့ မထွက်ရဘူး ဆိုပြီး တံခါးပိတ်ထားလိုက်တယ်။ ပြီးတော့ နင်တို့ချုပ်ရမယ့်အထည်တွေ ကျန်သေးတယ်။ အဲ့ဒါပြီးမှ ထွက်လို့ရမယ် ဆိုပြီးတော့ တံခါးကို ပိတ်ထားလိုက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေက သူတို့နစ်နာမှုအတွက် တောင်းဆိုပေးဖို့ သမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး အကူအညီ တောင်းခံလာကြပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ သမဂ္ဂခေါင်းဆောင်တယောက်က “အခုလိုဖြစ်တော့ အလုပ်သမားတွေက သူတို့မိသားစုတွေဆီ ဖုန်းဆက်ပြီး အကြောင်းကြားကြတာပေါ့နော်။ သူတို့ ပိတ်ခံထားရတယ်။ လစာလည်းမရဘူး။ လာခေါ်ပေးဖို့ ပြောတာပေါ့။ ဒီလိုပြောဖို့ကလည်း အလုပ်ချိန်မှာ ဖုန်းသုံးလို့မရတော့ ထမင်းစားချိန်မှာ သူတို့က ဖုန်းသုံးပြီး အိမ်ကိုပြောကြတာ။ အဲ့လိုပြောလို့ပြီးမှပဲ အပြင်ကို သူတို့ ထွက်လာလို့ရတယ်။ အပြင်ထွက်လာပြီးတော့မှ ကျမတို့ဆီ ရောက်လာကြတာ။ အခုတော့ ဒီအခြအနေနဲ့ ပတ်သက်ပြီး ကျမတို့ စက်ရုံကသူတွေနဲ့ သွားတွေ့တဲ့အခါ လုပ်ငန်းရှင်ဘက်က တခုခု ညှိပေးမယ်လို့တော့ အကြောင်းပြန်လာတယ်။ အဲ့ဒါကို ကျမတို့ စောင့်ကြည့်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမားတွေကို လစာမပေးတဲ့အပြင် တရားစွဲမယ်လို့ ခြိမ်းခြောက်တဲ့ သုခအောင် အထည်ချုပ်စက်ရုံမှာ အထည်ချုပ်လုပ်သား ၁၀၀ ဝန်းကျင်ရှိပြီး ကျောက်စိမ်းအထည်နဲ့ တခြားစက်ရုံတွေကအပ်တဲ့ အထည်တွေကို လက်ခစားအနေနဲ့ ချုပ်လုပ်ပေးနေတဲ့ စက်ရုံငယ်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမားတွေဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့အတူ ရပိုင်ခွင့် အခွင့်အရေးတွေအားလုံး ဆုံးရှုံးခဲ့ရပြီး နင်းပြားဘဝနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း အလုပ်သမားအရေး တက်ကြွသူတွေက ဆိုပါတယ်။

“အခုကာလက စက်ရုံတွေကလည်း လည်ပတ်တာ သိပ်မရှိတော့ ရှိတဲ့စက်ရုံတွေကိုပဲ အလုပ်သမားတွေက အလုပ်ရဖို့အတွက် စုပြုံပြီး တိုးနေကြရတာလေ။ အဲ့လိုအခြေအနေမှာဆိုတော့ အလုပ်ရှင်တွေကလည်း ဒါဟာ အခွင့်ကောင်းယူဖို့ အကောင်းဆုံး အချိန်လို ဖြစ်နေတာပေါ့ဗျာ။ အလုပ်သမားတွေဘဝကတော့ နင်းပြားပေါ့။”

အခုနှစ် သြဂုတ်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ILO အဖွဲ့ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ မြန်မာအလုပ်သမား ၁ သန်းကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ မီးမောင်းထိုး ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013