DVB Logo
Home
မြန်မာသတင်း
မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးရာဇဝတ်မှုစောင့်ကြည့်အဖွဲ့က နာမည်ပျက်စာရင်းသွင်းနိုင်
DVB
·
September 7, 2022
မြန်မာကို ကမ္ဘာ့ဘဏ္ဍာရေးရာဇဝတ်မှုစောင့်ကြည့်အဖွဲ့က နာမည်ပျက်စာရင်းသွင်းနိုင်
Donate to DVB

ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေသုံးစွဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ္ဍာရေးရာဇဝတ်မှုစောင့်ကြည့်အဖွဲ့ရဲ့ နာမည်ပျက်စာရင်းသွင်းတာ ခံရပြီး စစ်အာဏာရှင်တို့ရဲ့ ပြိုလုလုဘဏ္ဍာရေးနဲ့ငွေကြေးဆိုင်ရာ သိက္ခာဒေါက်တိုင်ကို ပြင်းထန်စွာ ထိုးနှက်ခံရမယ့် အလားအလာရှိနေပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေရဲ့ အစိုးရချင်းချိတ်ဆက်ကာဆောင်ရွက်နေတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက်ဘဏ္ဍာရေးလုပ်ငန်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FATF, Financial Action Task Force) ဟာ ၁၉၈၉ ခုနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းများအတွက်ငွေကြေးရှာဖွေသုံးစွဲမှု အစရှိတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့ မသမာမှုတွေကို တိုက်ဖျက်ဖို့ G7 ခုနှစ်နိုင်ငံက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုဆိုရင် ဥရောပသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းမယ့်အဆိုပြုချက်ကို အောက်တိုဘာလ ပဲရစ်မြို့မှာကျင်းပမယ့် ဆွေးနွေးပွဲမှာ သဘောတူဆုံးဖြတ်ချက်ချမယ့် အလားအလာရှိနေတယ်လို့ ဒီဖြစ်ရပ်နဲ့ နီးစပ်တဲ့အစိုးရ အရာရှိတွေက ပြောပါတယ်။ 

အခုချိန်ထိ FATF အဖွဲ့ရဲ့ နာမည်ပျက်စာရင်းမှာ မြောက်ကိုရီးယားနဲ့ အီရန်နှစ်နိုင်ငံတည်းသာ ရှိနေတာဖြစ်ပြီး အမည်ပျက်စာရင်းသွင်းခံလိုက်ရရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဖို့ခက်ခဲနေတဲ့ စစ်ခေါင်းဆောင်အာဏာရှင်တွေရဲ့ ဘဏ္ဍာရေးကိုပိုပြီး ထိခိုက်နစ်နာစေတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်အာဏာရှင်တွေရဲ့ အာဆီယံအပေါ်သဘောထားနဲ့ လတ်တလောတုန့်ပြန်မှုတွေကို ကြည့်ရင် FATF အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းဖို့ သဘောတူကြမယ့်အလားအလာ ရှိနေတယ်လို့ FATF နဲ့ အဆက်အသွယ်ရှိတဲ့ အာရှပိုင်း အစိုးရအရာရှိတစ်ယောက်က ပြောပါတယ်။

ဆက်လက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက သဘောတူညီကြရင်တော့ လက်ရှိဥက္ကဋ္ဌဖြစ်နေတဲ့ စင်္ကာပူကလည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်ကို ငြင်းနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အားလုံးရဲ့သဘောတူညီချက်ကို ပယ်ဖျက်ဖို့တအတွက် သဘောမတူတဲ့ နိုင်ငံ အနည်းဆုံး ၃ နိုင်ငံရှိရမှာဖြစ်တယ်လို့ သိရပါတယ်။

နာမည်ပျက်စာရင်းသွင်းလိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဖို့ ပိုမိုခက်ခဲသွားမှာ ဖြစ်သလို နိုင်ငံတကာဘဏ်တွေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေကြား ချိတ်ဆက်လုပ်ဆောင်မှုတွေ ပိုမိုခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ မြန်မာ့ကျပ်ငွေတန်ဖိုးဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ငွေတန်ဖိုးအနည်းဆုံးမှတ်တမ်းကို အကြိမ်ကြိမ်ဆက်တိုက် ချိုးဖျက်လာခဲ့ပြီး ၆၀ ရာခိုင်နှုန်းအထိ ထိုးကျလာခဲ့တာဖြစ်သလု နောက်ထပ်လည်းကျဆင်းနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၂၁ ခုနှစ်မှာတော့ အနည်းဆုံးဖြစ်သွားခဲ့ပါတယ်။

လက်ရှိနိုင်ငံရေး ပဋိပက္ခတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အရာရှိအရာခံတွေအပေါ် စစ်အာဏာရှင်တွေရဲ့ ရန်လိုမှုတွေ၊ မကြာခဏမီးပျက်တာတွေ၊ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေနဲ့ အတင်းအကြပ်ဖိအားပေးလဲခိုင်းနေတာတွေကြောင့် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပိုမိုဝေးကွာစေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အသားတင်ထုတ်ကုန်တန်ဖိုး (GDP) ဟာ ၂၀၂၁ ခုနှစ်မှ ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒီနှစ်မှာတော့ ရပ်တန့်နေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ကလည်း ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၆ သန်းခန့် ဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။

FATF က နာမည်ပျက်စာရင်းသွင်းလိုက်တာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘဏ်အကောင့်တွေဖွင့်ဖို့နဲ့ ထိန်းသိမ်းထားဖို့အပြင် နိုင်ငံတကာငွေပေးချေမှုတွေလုပ်ဆောင်ဖို့ ပိုမိုခက်ခဲသွားမှာဖြစ်တယ်လို ရန်ကုန်မှာရှိနေတဲ့ ကူသန်းရောင်းဝယ်ရေးလုပ်ငန်းတွေရဲ့ အရာရှိကြီးတွေက ပြောပါတယ်။ ဘဏ်တွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဟာ ခက်ခဲများပြားတဲ့ စာရွက်စာတမ်းလုပ်ငန်းစဉ်တွေကို လုပ်မယ့်အစား မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူလုပ်ငန်းတွေကို ရှောင်သွားကြတော့မှာသာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို စစ်ကောင်စီက ဇူလိုင်လထဲမှာ FATF ကို တင်သွင်းမှာဖြစ်ပြီး ဩဂုတ်လထဲမှာ FATF က စစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ နာမည်ပျက်စာရင်းသွင်းခံရမယ့် အလားအလာများကြောင်း ဉရောပအစိုးရ အရာရှိတစ်ယောက်က ပြောပါတယ်။

ဆက်လက်ပြီး “ဗဟိုဘဏ်မှာသူတို့တာဝန်ပေးထားတဲ့လူတွေကိုကြည့်လိုက်ဗျာ၊ စစ်တပ်ကလူတွေ၊ အရင် နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက လူတွေလိုတောင် ဟန်ဆောင်ပန်ဆောင်နဲ့ မလုပ်နိုင်ကြဘူး၊ ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ကြဘူး” ဆိုပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ နာမည်နဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေကို ရည်ညွှန်ပြီး သူကပြောပါတယ်။

ငွေကြေးဖာင်းပွမှုနှုန်း ၁၇ ဒသမ ၇ ရာခိုင်နှုန်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းကျဆင်းလာပြီးနောက်မှာ မြန်မာစစ်ကောင်စီဟာ လျှပ်စစ်ကဏ္ဍတစ်ခုတည်းမှာတင် မြန်မာငွေ ၁၃၁ ဘီလီယံ ဒါမှမဟုတ် အမေရိကန် ဒေါ်လာ ၆၂ သန်း ဆုံးရှုံးနေရတယ်လို့ အစိုးရအကြံပေးဟောင်းဖြစ်သူ ဂီယိုလန်ဒီလောင်းဂ်ပြောပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဌာနတွေကလည်း အကြွေးမပေးလို့ဆိုပြီး ဌာနတစ်ခုနဲ့တစ်ခု တရားဆွဲဖို့ပြင်ဆင်နေကြသလို အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် နိုင်ငံခြားငွေပမာဏ များများချေးယူထားကို စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ပြောပါတယ်။ မြန်မာငွေတန်ဖိုးနဲ့ စီးပွားရေးကိုတည်ငြိမ်အောင် ချက်ချင်းမလုပ်နိုင်ရင် အိမ်နီးချင်းနိုင်ငံတွေက အကြွေးတွေပြန်တောင်းလာကြမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ 

နာမည်ပျက်စာရင်းသွင်းလိုက်မယ်ဆိုရင် နိုင်ငံတကာနဲ့ သိက္ခာရှိရှိ ဆက်သွယ်လုပ်ကိုင်နေကြတဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတွေထိခိုက်လာပြီး စီးပွားရေးအသိုင်းအဝိုင်းတစ်ခုလုံးကို ရိုက်ခတ်လာမယ်လို့  အကြီးတန်းဘဏ်လုပ်ငန်းရှင်တစ်ဦး ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013