တရုတ်ရဲ့ နည်းပညာနဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ အလီဘာဘာ ကုမ္ပဏီဟာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ကို တရုတ်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တာကြောင့် ဇွန် ၂၄ ရက်မှာ အမေရိကန်အစိုးရကို တရားစွဲလိုက်ပါတယ်။
ဒီတိုင်ကြားချက်ကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဇေးမြို့က ဖယ်ဒရယ်တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ဟာ တရုတ်စစ်တပ်က သူတို့နိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ တိုးတက်မှုတွေကို စစ်ရေးအတွက် အသုံးချသွားမှာ စိုးရိမ်တာကြောင့် ဇွန် ၈ ရက်က “တရုတ်စစ်တပ်ပိုင် ကုမ္ပဏီများ” ဆိုတဲ့ နာမည်ပျက်စာရင်းကို လုပ်ငန်းပေါင်း ၁၈၈ ခုအထိ တိုးမြှင့်လိုက်ပြီးနောက်မှာ အခုလို တရားစွဲမှု ပေါ်ပေါက်လာတာပါ။
အလီဘာဘာဟာ တရုတ်နိုင်ငံရဲ့ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနဲ့ ပတ်သက်မှုရှိပြီး တရုတ်ရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေအတွက် “စစ်ဘက်-အရပ်ဘက် ပေါင်းစည်းမှု ပံ့ပိုးပေးသူ” အဖြစ် စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အလီဘာဘာဟာ SASAC လို့ သိကြတဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ပိုင်ဆိုင်မှု စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့နဲ့လည်း သွယ်ဝိုက်ပတ်သက်မှု ရှိနေတယ်လို့ ပင်တဂွန်က ပြောပါတယ်။
ဒီအပေါ်မှာ အလီဘာဘာ ကတော့ “ဒီဆုံးဖြတ်ချက်ဟာ အချက်အလက်ရော ဥပဒေကြောင်းအရပါ ဘာအခြေအမြစ်မှ မရှိပါဘူး။ အလီဘာဘာကို လွတ်လပ်တဲ့ ဒါရိုက်တာအဖွဲ့ကပဲ စီမံခန့်ခွဲတာဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ စစ်တပ်နဲ့ပတ်သက်သူ တဦးမှ မရှိပါဘူး။ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေဟာ လက်လီအရောင်းအဝယ်၊ ထောက်ပံ့ပို့ဆောင်ရေး (logistics) နဲ့ လုပ်ငန်းသုံး သတင်းအချက်အလက် နည်းပညာတွေအတွက်ပဲ ရည်ရွယ်တာပါ။ လက်နက်၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် မဟုတ်ပါဘူး” လို့ တုံ့ပြန် ပြောဆိုထားပါတယ်။
ဒီတရားစွဲဆိုမှုကနေတဆင့် သူတို့ကုမ္ပဏီကို နာမည်ပျက်စာရင်းကနေ ပြန်ပယ်ဖျက်ပေးဖို့ အလီဘာဘာက တောင်းဆိုထားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူကတော့ လက်ရှိရင်ဆိုင်နေရဆဲ တရားရင်ဆိုင်မှုတွေအပေါ် မှတ်ချက်မပေးလိုကြောင်း ငြင်းဆိုခဲ့ပါတယ်။
Source: Reuters










