
စစ်အာဏာရှင်တပ်က အမည်မည်းစာရင်း (Blacklist) က ပယ်ဖျက်ပေးမယ်ဆိုလို့ လုပ်ငန်းခွင် ပြန်ဝင်ခဲ့တဲ့ CDM ဝန်ထမ်းတွေကို အခုချိန်ထိ Blacklist က စစ်တပ်က မဖျက်ပေးသေးဘူးလို့ ပြန်ဝင် CDM ဝန်ထမ်းတွေဆီက သိရပါတယ်။
အခုနှစ်စပိုင်းက အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်စွန့်ခွာသွားတဲ့ CDM ဝန်ထမ်းတွေကို အာဏာရှင်စစ်တပ်က အမည်မည်းစာရင်းက ပယ်ဖျက်ပေးမယ်ဆိုပြီး ဖိတ်ခေါ်ခဲ့တာကြောင့် ဝန်ခံကတိ လက်မှတ်ထိုးပြီး ပြန်ဝင်ခဲ့ပေမဲ့ အခုထိ လုပ်ငန်းခွင် မဝင်ရသေးဘူးလို့ ပြန်ဝင် CDM ဝန်ထမ်းတယောက်က DVB ကိုပြောပါတယ်။
“အစကတော့ အစိုးရသစ်လက်ထက်ရောက်ရင် လုပ်ငန်းခွင်ပြန်ဝင်ရမယ် ပြောပြီး ကိုယ့်ရဲ့အချက်အလက်နဲ့ မိသားစုအချက်အလက်တွေ ယူပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီနောက်ပိုင်း အကြောင်းမပြန်တော့ဘူး အခုဆို ၃ လကျော်ပြီ။ အလုပ်မဝင်ရဘဲ စောင့်ကြည့်ခံရပြီး အကျယ်ချုပ်သဘောနဲ့ ထားသလို ဖြစ်နေတယ်။”
လုပ်ငန်းခွင် ပြန်မဝင်ရသလို ခရီးသွားလာခွင့်ကို အဆင့်ဆင့်သတင်းပို့ရပြီး မိသားစုနဲ့ပတ်သက်တဲ့ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကို ရပ်ကွက်ကတဆင့် သတင်းရဲတပ်ဖွဲ့ (SB) နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ကို သတင်းပေးပို့ရတယ်လို့ ပြန်ဝင် CDM နောက်တယောက်က DVB ကို ပြောပါတယ်။
“ပြည်ပထွက်ဖို့ မပြောနဲ့၊ ခရီးသွားတာတောင် အစအဆုံးတင်ပြရတာ၊ Blacklist က ဖျက်ပေးတာလည်း အတော်ကြာတယ်။ ကိုယ့်ရှေမှာ Blacklist ဖြည်ခဲ့တဲ့သူတွေ ပြောတာ ၅ လ၊ ၆ လလောက် ကြာတယ်တဲ့။ အဲဒီကာလကို စောင့်ကြည့်ကာလလို့ သတ်မှတ်ထားတယ်။ တခုခု မှားတယ်ဆိုရင် ဖမ်းပြီး စစ်ဆေးတာတွေ လုပ်တယ်။”
အာဏာရှင်စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်ဝင်မဲ့ CDM ဝန်ထမ်းတွေအနေနဲ့ မူလနေရပ် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာ၊ ရှောင်တိမ်းခဲ့တဲ့ မြို့နယ်က ထောက်ခံစာ၊ မိခင်ဌာနက ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနဲ့ မြို့နယ်ထောက်ခံစာ ၅ မျိုးကို ပေးရပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့သူတွေနဲ့ မပတ်သက်ဘူးဆိုတဲ့ ဝန်ခံကတိ လက်မှတ်ထိုးရတာဖြစ်ပါတယ်။
CDM ဝန်ထမ်းတွေကို အမည်မည်းစာရင်းက ပယ်ဖျက်ပေးဆိုတာ လှည့်ကွက်တခုဖြစ်ပြီး လက်တွေ့မှာ တော်လှန်ရေးနဲ့ဆက်နွှယ်တဲ့သူတွေ ဖမ်းဆီးခံရတာတွေရှိတယ်လို့ CDM ပညာရေးဝန်ထမ်း တယောက်က ထောက်ပြပါတယ်။
“ဒါက စစ်တပ်ရဲ့လှည့်ကွက် တခုပဲ။ သူတို့ဆီ ရောက်သွားပြီဆိုတာနဲ့ သူတို့ လက်ခုပ်ထဲက ရေတွေ ဖြစ်သွားပြီ။ တချို့ Blacklist သွားဖြည်ရင်း အဖမ်းခံရသူတွေ ရှိတယ်။ အဖမ်းမခံရလို့ လုပ်ငန်းခွင် ပြန်ဝင်လည်း စောင့်ကြည့်သဘောမျိုးနဲ့ပဲ ထားပြီး ဌာနအတွင်း ဝန်ထမ်းအချင်းချင်း နှိမ်တာခံရမှာ။”
စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Blacklist) က ဖြေလျှော့ပေးမယ်ဆိုပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ဒီလိုဖိတ်ခေါ်တာဟာ အာဏာသိမ်းပြီး ၅ နှစ်အတွင်း ၆ ကြိမ် ရှိပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ပညာရေးနယ်ပယ်က CDM ၂ သိန်းလောက်နဲ့ ကျန်းမာရေးနယ်ပယ်က ၄၅,၀၀၀ ကျော်အပါအဝင် မီးရထား၊ မီးသတ်နဲ့ တခြားသော နယ်ပယ်ပေါင်းစုံက နိုင်ငံဝန်ထမ်း CDM ၄ သိန်းလောက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ သိရပါတယ်။
Photo : DVB











