DVB Logo
Home
မြန်မာသတင်း
DKBA စစ်ဦးစီးချုပ်၏ နေအိမ်ပစ်ခတ်ခံရ
DVB
·
September 7, 2022
DKBA စစ်ဦးစီးချုပ်၏ နေအိမ်ပစ်ခတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဆုံဆည်းမြိုင် DKBA စစ်ဌာနချုပ်မှာရှိတဲ့ DKBA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကို စက်တင်ဘာ  ၆ ရက် ည ၁၂ နာရီလောက်က  KNLA ပူးပေါင်းတပ်ဘက်မှ ၈၁ မမ လောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ အိမ်အနည်းထိခိုက် ပျက်စီးသွားတယ်လို့ ဆုံဆည်းမြိုင်ဒေသခံက ပြောပါတယ်။

ဝေါလေမြိုင်ဘက်မှ သေ့ဘောဘိုးဘက်ကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တမ ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ကြိုကာပစ်ခတ်ရာတွင် DKBA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ရဲ့ နေအိမ် ထိမှန်သွားတာဖြစ်တယ်။

DKBA အရာရှိတဦးကတော့ ညက ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့အချိန် စစ်ဦးစီးချုပ်အိမ်မှာရှိနေပေမဲ့ ထိခိုက်ဒဏ်ရာမရဘဲ သူ့တပ်ဖွဲ့ဝင်တယောက်ထိခိုက်ခဲ့ကြောင်းနဲ့ အိမ်ဧည့်ခန်း ပျက်စီးသွားခဲ့ကြောင်း  ပြောပါတယ်။ 

“အဲလိုတိုက်ခိုက်ခံရတော့ ကျနော်တို့ တပ်ဖွဲ့ကဒု-ရင်းမှူးတဦး ဒဏ်ရာရတာရှိတယ်ပေါ့နော်။ နောက်အိမ်ပေါ်မှာ ဧည့်ခန်း ပျက်စီးသွားတယ်။” 

ဒါ့အပြင် ဂိုဒေါင်နားမှာ လက်နက်ကြီး ကျည်တလုံးကျခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဒီလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အဆိုပါ DKBA အရာရှိက “ တကယ်တမ်းကျတော့ ဒီလိုပဲ မိတ်ဆွေကို မိတ်ဆွေလိုဆက်ဆံ၊ ရန်သူဖြစ်သွားရင်တော့ အမျိုးသားအတွက်မကောင်းသလို တနိုင်ငံလုံးအတွက်လည်း မကောင်းဘူးပေါ့နော်။ ပြောချင်တာ။”  လို့ပြောပါတယ်။

KNLA ဘက်က လက်နက်ကြီးနဲ့ ညနေ ၆ နာရီတစ်ကြိမ် ည ၁၁ နာရီမှ ၁၂ နာရီအထိ  မကြာခဏ ဆိုသလို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ ဆုံဆည်းမြို့ရွာအတွင်းမှာ ပြည်သူတွေကို ဒိုင်းသဖွယ် အကာအကွယ်ယူထားပြီး  ပြည်သူတွေရဲ့ နေအိမ်မှာ နေထိုင်နေကြသလို ဘုရားကျောင်းတချို့မှာ မှီခို စားသောက် နေထိုင်ကြတယ်လို့  ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ရွာသားက ပြောပါတယ်။

KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်  နှစ်ဘက်တပ်ဖွဲ့ဝင်တွေ  ကိုက် ၇၀၀ လောက်သာ ကွာဝေးပြီး စစ်ရေးတင်းမာနေပါတယ်။

မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့အနီး ကျော်ဝါးဖိုးဘုရားကုန်းကနေ စစ်ကောင်စီဘက်က လက်နက်ကြီးပဲ့ ပစ်ခတ်လို့ ကော်ဘရာတပ်သား နှစ်ယောက် ကျည်ဆန်စ ထိမှန်သွားတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013