DVB Logo
Home
မြန်မာသတင်း
မူဆယ်နှင့်ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ
DVB
·
September 7, 2022
မူဆယ်နှင့်ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ပြည်ထောင်စုလမ်းမအနီး၊ ကောင်ရာ၊ နားဖိုင်ရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့အကြား စက်တင်ဘာ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အလားတူ ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးမှာ မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ အကြား လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုးဂိတ် ဝန်ထမ်း ၁ ဦး အပါအဝင် မော်ဟစ်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၅ ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့တယ်လို့ ကာယကံရှင် မိသားစုဝင် ၁ ဦးနဲ့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ် ပြည်ထောင်စုလမ်းမအနီး၊ ရေပူစမ်း ဝန်းကျင်ရှိ ကောင်ရာ၊ နားဖိုင်ရွာတွေဘက်မှာ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းကစ တနေကုန်နီးပါး စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၆၊ တပ်ရင်း ၉ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ၃ ကြိမ်လောက် လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာ မြင်ရကြောင်း အနီးနားရွာခံတဦးက ပြောပါတယ်။

“ရွာတွေထဲတော့ အထိအခိုက် မရှိဘူး။ လေယာဉ် ဗုံးလာကြဲတာက သူတို့လူတွေပေါ်ပဲ ပြန်ကျတယ်လို့ သိရတယ်။”

ညပိုင်းမှာတော့ ပြည်ထောင်စုလမ်းမပေါ်ရှိ ကွတ်ခိုင်မြို့အဝင်မှာ တိုက်ပွဲထပ်ဖြစ်ပွားကာ ကွတ်ခိုင်ဗျူဟာမှ လက်နက်ကြီး ၁၀ ကြိမ်အထက် ပစ်ကူသံကြားရကြောင်း ကွတ်ခိုင် ဒေသခံတွေက ပြောပါတယ်။

“သေနတ်သံ ထွက်လာချိန် အဲဒီ ညို့သကျည်းထိထားတဲ့ ကလေးက ခုတင်ပေါ်မှာကို အိပ်နေပြီ။ လက်နက်ကြီးသံ ကြားလိုက်တာနဲ့ သူ့အဖေက မြန်မြန်သွားဆွဲထုတ်နိုင်လိုက်လို့သာ အဲဒီ သူ အိပ်နေတဲ့နေရာမှာကို လာကျတာ။ ပြတင်းပေါက်တွေလည်း အကုန်ထိသွားတယ်။  အောက်ထပ်ကို ဆင်လားတဲ့ချိန် ဖြစ်သွားလို့သာ မဟုတ်ရင် တမိသားစုလုံး ပါသွားမယ့်အခြေအနေ ဖြစ်တယ်” လို့ ကာယကံရှင် မိသားစုဝင်တဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေက အသက် ၁၁ နှစ်အရယ် မခေါန်ဆိုင်းနန်၊ အသက် ၈ နှစ်အရွယ် မောင်နော်ဆန့်နန်၊ တင်ပါးထိ၊ အသက် ၄ နှစ်အရွယ် မောင်ဘရန်ထွယ်နန်၊ ညိုသကျည်းထိ၊ အသက် ၃၃ နှစ်အရွယ် ဦးပြည့်ဖြိုးလင်း (ခြေထောက်ထိမှန်လို့ သိရ) နဲ့ တိုးဂိတ် ဝန်ထမ်း ဦးခေါင်းရှပ်ထိတို့ ဖြစ်ပြီး နေအိမ်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ကျနော်ဆေးရုံက ပြန်လာတော့ ပလောင်အိမ်က အမျိုးသား ၁ ဦးကို ပြန်ထိတယ်။ အဲရှားဝေါလ်က တယောက်တော့ ခေါင်းရှပ်ထိတယ်လို့ သိရတယ်။ သူက ရုံးဝန်ထမ်း။ သွားမကြည့်အားတော့ အမျိုးသားလား၊ အမျိုးသမီးလား မသိရဘူး” လို့ ရွာခံတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ကောင်းသောရှမာရိ လူမှုကူညီရေးအသင်းနဲ့ ဗြဟ္မစိုရ်နှလုံးသာ လူမှုကူညီရေးအသင်းတို့က ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

“အခုက လက်နက်ကိုင်တွေ အချင်းချင်း ပစ်ခတ်ကြလို့ ပြည်သူတွေ နှိပ်စက်ခံရတာ၊ အရမ်းစိတ် မကျေမချမ်းဖြစ်တယ်” လို့ ဒေသခံတဦးက တိုက်ပွဲရဲ့ အကျိုးဆက်ကြောင့် ထိခိုက်ဒုက္ခရောက်ရကြောင်းနဲ့ စိုးရိမ်ကြောက်လန့်ကြရကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခု စက်တင်ဘာ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မော်ဟစ်ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ရွာခံ ပြည်သူ ၅ ဦး သေဆုံးခဲ့ဖူးပါသေးတယ်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား တိုက်ပွဲဖြစ်ပွားလို့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း လွယ်ဆမ်ဆစ်တောင်ခြေ ရွာက အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့သလို ဇွန်လကလည်း ကွတ်ခိုင်မြို့အနီး ဇွပ်အောင် စစ်ရှောင်စခန်းမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စက်တင်ဘာ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်ကစ မွန်းလွဲ ၂ နာရီလောက်အထိ တရုတ်-မြန်မာ အဓိက ကုန်သွယ်ရာ အရှေ့မြောက် ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် အဝေးပြေးလမ်း နာရီပိုင်းကြာ လမ်းပိတ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013