DVB Logo
Home
မြန်မာသတင်း
ခုခံတွန်းလှန်စစ် ၁ နှစ်ပြည့်ချိန် PDF မဟာမိတ်ရဲဘော် ၁၅၀၀ ကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀,၁၅၀ ကျော်သေဆုံး
DVB
·
September 7, 2022
ခုခံတွန်းလှန်စစ် ၁ နှစ်ပြည့်ချိန် PDF မဟာမိတ်ရဲဘော် ၁၅၀၀ ကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀,၁၅၀ ကျော်သေဆုံး
Donate to DVB

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲစတင်ခဲ့တဲ့ တစ်နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီစိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ  တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့  NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့  ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ခုခံတော်လှန်တဲ့ ပြည်သူ့ခုခံစစ်ပွဲစတင်ခဲ့တဲ့ ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေ စာရင်းအရ  PDFတွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့  ဒူဝါလရှီးလက ပြောပါတယ်။ 

“တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ ပြည်သူ့အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို အလေးပြုအပ်ပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးတိုက်ပွဲအတွက် အသက်စွန့်ပေးသွားကြတဲ့ တော်လှန်ရေးရဲဘော်များ၊ ပြည်သူများရဲ့ မိသားစုများကိုလည်း လေးနက်စွာဂုဏ်ပြုမှတ်တမ်း တင်ကြောင်း ပြောကြားလိုပါတယ်။”

ဒါ့အပြင် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ PDF စစ်သည်တော်တွေ၊ ပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ CDM သူရဲကောင်းတွေ၊ လူထုသပိတ်တိုက်ပွဲဝင်နေသူတွေ၊    တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ERO၊  NUCC နဲ့  CRPH  တို့ကိုလည်း မော်ကွန်းတင် ကျေးဇူးတင် လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲပေါင်း ၆,၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တိုက်ပွဲပေါင်း ၃,၇၃၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကိုစောင့်ကြည့်လေ့လာနေတဲ့ ISP Myanmar ရဲ့ စာရင်းအရသိရပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလကတော့ တနှစ်အတွင်း PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းနိုင်ခဲ့ပြီး တနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၅၀ ကျော်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စနစ်တကျ ဖွဲ့စည်းလည်ပတ်နေကာ NUG ကာကွယ်ရေးဌာန ကွပ်ကဲအောက်မှာရှိမနေသေးတဲ့ ဒေသအလိုက်  PDF အဖွဲ့တွေကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

နယ်မြေစိုးမိုးထားတဲ့ မြို့နယ်ပေါင်း ၂၄ မြို့နယ်မှာ တရားသူကြီးတွေနဲ့ တရားစီရင်ရေးလုပ်ငန်းတွေ စတင် အကောင်အထည်ဖော်နေသလို ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးစတဲ့ လူမှုဝန်ဆောင်မှုတွေလည်း စတင်ဆောင်ရွက်နေတယ်လို့ ယာယီ သမ္မတကပြောပါတယ်။ 

NUG ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က နယ်မြေစိုးမိုးနိုင်မှု၊ စစ်ရေးလှုပ်ရှားနိုင်မှု အားကောင်းလာသလို တချိန်တည်းမှာ မိတ်ဖက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများရဲ့ နယ်မြေအုပ်ချုပ်မှု၊ စိုးမိုးမှု၊ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်မှုဟာလည်း ပိုမိထိရောက် ကောင်းမွန်လာတာတွေ့ရပါတယ်၊ ဒါကြောင့် ခုခံတွန်းလှန်စစ် တနှစ်ပြည့်တဲ့အခုအချိန်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီအနေနဲ့ သူတို့ ကောင်းကောင်း စိုးမိုးအုပ်ချုပ်နိုင်တာဆိုလို့ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးဆိုတာကို ကျနော် ပြည်သူလူထုကို အလေးအနက် တင်ပြလိုပါတယ်”လို့ ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့ ပထမဦးစွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်ချေမှုန်းသုတ်သင်မယ်၊ လက်ရှိတော်လှန်ရေးကာလ ကြားကာလ အသွင်ကူးပြောင်းရေးကာလဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေကို NUCC ရဲ့ ဦးဆောင်မှုနဲ့  စာတင်ရေးဆွဲရေးလုပ်ငန်းစတင်နေတယ်၊ အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းပုံအရ ဖွဲ့စည်းမယ်၊ ဒီကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူအတည်ပြုမယ်၊ အထွေထွေရွေးကောက်ပွဲကျင်းပြီး ဒီမိုကရေစနည်းကျ ရွေးကောက် တင်မြှောက်ထားသူတွေနဲ့ အစိုးရဖွဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ပေါ်ပေါက်လာအောင်  လုပ်သွားမယ်လို့လည်း NUG ခေါင်းဆောင်က နိုင်ငံရေးလမ်းပြမြေပုံကို ချပြသွားပါတယ်။

ရှေ့လာမယ် ဒုတိယနှစ်အတွင်း လူထုတော်လှန်ရေးကို အင်နဲ့အားနဲ့ အရှိန်အဟုန်မြှင့်တင်ပြီး စိုးမိုးထိန်းချုပ်နယ်မြေတွေများစွာပေါ်လာအောင်ကြိုးပမ်းသွားမယ်လို့  NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်တွေ့ကျတဲ့ တရားသော ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေပါတယ်။ လူထုကို  မျှော်လင့်ချက်အတုအယောင်ပြောပြီး  စည်းရုံးဖို့လုံးဝ မကြိုးစားပါဘူး။ အောင်မြင်တဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ ရလဒ်နဲ့ သက်သေပြဖို့ကြိုးစားနေပါတယ်။”

စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇတ်မှုတွေကို နိုင်ငံကတာတရားရုံးတွေမှာ တရားစွဲနိုင်အောင်ကြိုးစာနေပြီး   စစ်အုပ်စုအနေနဲ့ လူထုတရားစီရင်ရေးကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြဖို့ ဒူဝါလရှီးလက သတိပေးလိုက်သလို  နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူတွေကို ငွေကြေးနဲ့ နည်းပညာပံ့ပိုးပေးဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေပေးဖို့နဲ့ NUG ခေါင်းဆောင်ကပြောပါတယ်။ 

အလားတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပြည်သူ့ဘဏ္ဍာတွေကို ကိုယ့်အတ္တအတွက် စိတ်ကြိုက်ချယ်လှယ်ခွင့်ရနေတဲ့ စစ်ကောင်စီဟာ အင်အားစုံသုံးပြီးတာတောင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို တနှစ်ကျော်ကာလအတွင်း ဖြိုချလို့ မရသေးဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့ဟာအောင်ပွဲဆီကို လျှောက်လှမ်းနေတယ်ဆိုတာ ငြင်းလို့မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါ့ထက် မြန်မြန် လျှောက်လှမ်းဖို့ လိုတယ်။ တော်လှန်ရေးကြာလေ ပြည်သူနာလေ တိုင်းပြည်နာလေမို့ ဒီလောက်ထိ ရှည်ကြာလာတာကိုတောင် ကျွန်တော်တို့ အနေနဲ့ မချင့်မရဲဖြစ်ရပါတယ်။ ဒါပေမဲ့လည်း အစောကပြောသလို လက်နက်မဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဆန္ဒပြခဲ့ကြတဲ့ အခြေအနေ၊ မခံနိုင်လွန်းလို့ တူမီးနဲ့ စတင်ခဲ့ကြတဲ့ အခြေအနေ ကနေ အခုတိုင်းနဲ့ပြည်နယ်အနှံ့ တပ်တွေ အဆင့်ဆင့်ဖွဲ့စည်းထားပြီးတဲ့ PDF အင်အားတွေအပြင် တိုင်းနဲ့ပြည်နယ်အနှံ့က LDF တွေ၊ မြို့ပြပျောက်ကြားတွေနဲ့ အထိုက်အလျောက် လက်နက်တပ်ဆင်နိုင်မှုတွေအထိ အဆင့် ဆင့် ဆောင်ရွက်ခဲ့ကြရတော့ မကြာခင်ဘဲ တစ်နှစ်ကြာခဲ့ရပါတယ်။ ဒါ့ကြောင့် လာမယ့်နှစ်မှာတော့ ပြင်ဆင်မှုတွေ၊ အတွေ့အကြုံတွေလည်း အထိုက် အလျောက် ရှိလာခဲ့ပြီမို့ ကျွန်တော်တို့ ပိုမိုအားထည့် ရုန်းကန်ရင်း အောင်ပွဲဆီကို အမြန်ဆုံး သွားကြရမှာ ဖြစ်ပါတယ်။”လို့  စက်တင်ဘာ ၆ ကကျင်းပတဲ့ NUG ၆၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန်မှာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည် တသန်းခွဲကျော်ရှိတယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013