
၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မာရီယာ ထရီဆာ လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်ကနေ ၂၉ ရက်အထိ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ် ဦးဆောင် သွားရောက်မှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ခရီးစဉ်အတွင်း လာဇာရိုဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့မှာ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) မှ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး လာဇာရိုဟာ မြန်မာနိုင်ငံအတွင်း ထိခိုက်ခံစားရသူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ (AMT) ကို ဦးဆောင်ကာ အာဆီယံ ဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) နဲ့ ပူးပေါင်းပြီး သွားရောက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့အခြေစိုက် အာဆီယံသံရုံးတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဂျပန်သံရုံးတို့ ပါဝင်မဲ့ အဆိုပါ အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့ (AMT) ရဲ့ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၈ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ သတ်မှတ်နေရာတွေမှာ စတင်ပြုလုပ်မှာဖြစ်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ ပြည်သူတွေထံ တလကြာ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေပေးမဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်မှာဖြစ်တယ်၊ အထူးသဖြင့် အရင်က AHA Centre က ရောက်ရှိကူညီနိုင်ခဲ့ခြင်း မရှိသေးတဲ့ ဒေသတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
AHA Centre ဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ ပူးပေါင်းပြီး ထိခိုက်ခံစားရတဲ့ ဒေသခံပြည်သူတွေထံ စားနပ်ရိက္ခာတွေနဲ့ အဓိကလိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ ဆက်လက် ထောက်ပံ့ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ကူညီထောက်ပံ့မှု လုပ်ငန်းစဉ်တခုလုံး အနေနဲ့ ဆန် ၅၀ ကီလိုဂရမ်ဝင် အိတ်တွေ၊ မိသားစုသုံး ပစ္စည်းစုံ အစုံလိုက်နဲ့ တကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို ဖြန့်ဝေပေးသွားမှာဖြစ်ရာ အိမ်ထောင်စုပေါင်း ၁၁,၀၀၀ ကျော်ထံ ရောက်ရှိမယ်လို့မျှော်လင့်ရပါတယ်။
ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို AHA Centre ရဲ့ ပထမဆုံးအကြိမ် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖြန့်ဝေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ခရီးစဉ်အပြင် အထူးသံတမန်အနေနဲ့ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပြင်းအထန် ထိခိုက်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရဲ့ လှူဒါန်းမှုနဲ့ တည်ဆောက်ပေးခဲ့တဲ့ ဘာသာရေးအဆောက်အအုံတလုံးနဲ့ ကျောင်းဆောင်တွေအတွက် ကျောင်းသုံးပစ္စည်းတွေကို လွှဲပြောင်းပေးအပ်သွားဖို့ ရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဦးစားပေးလုပ်ငန်းတွေထဲမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေးကို ထိပ်တန်းကဏ္ဍအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ လူသားချင်းစာနာမှု ခရီးစဉ်ဟာ ဝန်ကြီး လာဇာရိုရဲ့ ဒေသတွင်း ထိတွေ့ဆက်ဆံမှုတွေရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး မြန်မာအာဏာပိုင်တွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဘက်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအသီးသီးကို စုစည်းဆွေးနွေးစေခြင်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂ ရက်တာ ခရီးစဉ်အတွင်း အကျဉ်းချခံထားရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အာဆီယံရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သတင်းရင်းမြစ်တွေက အဲဒီလိုတွေ့ဆုံဖို့ စီစဉ်ထားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မူလထောင်ဒဏ် ၃၃ နှစ်ကနေ လျှော့ပေါ့ပေးခဲ့ပြီးနောက် လက်ရှိမှာ ထောင်ဒဏ် ၁၈ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီမီဒီယာတွေက လွန်ခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကနေ နေပြည်တော်ရှိ နေအိမ်တလုံးမှာ ပြောင်းရွှေ့ချုပ်နှောင်လိုက်တယ်လို့ ဖော်ပြခဲ့ပေမဲ့ လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။
အောက်တိုဘာ ၂၂ ရက်က သားငယ် ကင်မ်အဲရစ်နဲ့ မိနစ် ၂၀ ကြာ ဖုန်းပြောဆိုခွင့် ပြုခဲ့တာကြောင့် လာဇာရိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်ဆိုပြီး မီဒီယာတွေကြား ရေပန်းစား သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
လာမဲ့ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး ဒီအစည်းအဝေးမှာ မြန်မာ့အရေးလည်း ဆွေးနွေးဖို့ရှိနေတာ ဖြစ်ပါတယ်။
၃ ရက်ကြာ ကျင်းပမဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ တရုတ်ဝန်ကြီးချုပ် လီချင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ်စတိုဖာ လက်ဆွန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၀ နီးပါး တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Source: ThaiPBS World











