DVB Logo
Home
Lead Story
ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး အာဆီယံအထူးသံတမန် နေပြည်တော်၌ ဆွေးနွေး
DVB
·
October 30, 2026
Photo: MOFA-Myanmar
Photo: MOFA-Myanmar
Donate to DVB

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ နေပြည်တော်မှာ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဖက်စလုံးက ထုတ်ပြန်ပါတယ်။

မစ္စလာဇာရိုဟာ မြန်မာနိုင်ငံကို အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ခရီးစဉ်အဖြစ် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ၃ ရက်ကြာ ရောက်ရှိနေတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဝန်ကြီး လာဇာရိုဟာ စစ်အာဏာရှင်ခန့် ဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံကာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ၊ ထိခိုက်ခံစားရတဲ့ ဒေသတွေနဲ့ အကူအညီရရှိဖို့ ခက်ခဲတဲ့ ဒေသတွေကို ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးအပ်နိုင်မဲ့ နည်းလမ်းတွေအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နေပြည်တော် ခရီးစဉ်အတွင်း ပျဉ်းမနားမြို့နယ်မှာ ပြန်လည်တည်ဆောက်ပြီးစီးသွားတဲ့ ဘုန်းတော်ကြီးကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး သင်္ကန်းတွေနဲ့ ဆန်အိတ်တွေကို လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် သပြေပင်ကျေးရွာရှိ စာသင်ကျောင်းဆောင်သစ်မှာလည်း ကလေးငယ်တွေအတွက် ကျောင်းသုံးပစ္စည်းတွေကို သွားရောက်ဝေငှခဲ့ပြီး ဒါဟာ ၂၀၂၅ ခုနှစ် စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် AHA Centre ကတဆင့် ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေလို့ ဆိုပါတယ်။

ဝန်ကြီး လာဇာရိုဟာ အောက်တိုဘာ ၂၈ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကိုလည်း သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို လေ့လာကြည့်ရှုခဲ့ပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဌာနဘက်ကတော့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ အာဆီယံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်လို့ အမျိုးသားအကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်နေမှုတွေကို  အလေးထား ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာ-ဖိလစ်ပိုင် ၂ နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ပြည်သူတွေအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့ ကိစ္စရပ်တွေနဲ့ လာမဲ့လ ကျင်းပမဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ မူဘောင်အောက်မှာ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုက်ဖျက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အထူးသံတမန်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း အကျဉ်းချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013