ကမ္ဘာ့ပထမဆုံး ဂျီနိုဆိုက်နိုင်ငံအဖြစ် ဘာကြောင့်သတ်မှတ်ခံရသလဲ၊ ဘာဆက်ဖြစ်မလဲ

အပိုင်း ၁။ သမိုင်းဝင် ICJ စီရင်ချက်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ သမိုင်းမှာ ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ပထမဆုံး စီရင်ခံရတဲ့နိုင်ငံက မြန်မာနိုင်ငံ ဖြစ်လာပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ICJ က ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက်ကျူးလွန်ခဲ့ကြောင်း ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေဟာ ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ်အရ အကာအကွယ်ရရှိတဲ့ သီးခြားလူမျိုးစုတခု ဖြစ်ကြောင်းလည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဆို မြန်မာနိုင်ငံ ဘာကြောင့် ဒီအခြေအနေ ရောက်လာခဲ့သလဲ။ ဂျီနိုဆိုက်ဆိုတာ နိုင်ငံတကာဥပဒေအရ ဘာကိုဆိုလိုသလဲ။ နောက်ထပ် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတာ သုံးသပ်တင်ပြသွားမှာပါ။
အပိုင်း ၂။ ဂျီနိုဆိုက်အမှု ဘယ်လိုပေါ်ပေါက်လာသလဲ
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာကြတဲ့ အစ္စလာမ်ဘာသာဝင် အများစုပါဝင်တဲ့ လူမျိုးစုတစု ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၉ ရက် ICJ စီရင်ချက်မှာလည်း ရိုဟင်ဂျာတွေကို အတိတ်က ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ အသေးစိတ် စစ်ဆေးထားပါတယ်။
တရားရုံးရဲ့ တွေ့ရှိချက်အရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အဲဒီဥပဒေကို ကျင့်သုံးခဲ့တဲ့ ပုံစံတွေကြောင့် ရိုဟင်ဂျာတွေဟာ လူမျိုးစုဖြစ်တည်မှုအပေါ် အခြေခံပြီး နိုင်ငံသားဖြစ်ခွင့်ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။
နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း အထောက်အထားပြနိုင်သူ တချို့ကိုတောင် ခွဲခြားဆက်ဆံတဲ့ စစ်ဆေးရေး လုပ်ငန်းစဉ်တွေကြောင့် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။
သွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေကို ကန့်သတ်ခဲ့ကြောင်းလည်း စီရင်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ အကြမ်းဖက်လက်နက်ကိုင်တွေကို နှိမ်နင်းဖို့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်က အဲဒီစစ်ဆင်ရေးတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာမီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။
ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေရဲ့ ခန့်မှန်းချက်အရ လူ ၁၀,၀၀၀ ဝန်းကျင် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမစ်ရှင်က မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေကို ဂျီနိုဆိုက် အပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ စုံစမ်းအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
အပိုင်း ၃။ ဂမ်ဘီယာက ဘာကြောင့် မြန်မာကို တရားစွဲခဲ့သလဲ
၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲခဲ့ပါတယ်။ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဂမ်ဘီယာလို ဝေးလံတဲ့နိုင်ငံက မြန်မာနိုင်ငံကို ဘာကြောင့် တရားစွဲခွင့်ရှိသလဲဆိုတာ မေးစရာရှိပါတယ်။
ICJ ရဲ့ ရှင်းလင်းချက်အရ ၁၉၄၈ ခုနှစ် ဂျီနိုဆိုက်ကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာရေးဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ ဒါကြောင့် ဂမ်ဘီယာဟာ တိုက်ရိုက်နစ်နာတဲ့နိုင်ငံ မဟုတ်ပေမဲ့ တရားစွဲဆိုခွင့် ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားခွင်မှာ မြန်မာနိုင်ငံကိုယ်စား လျှောက်လဲခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှာ ICJ က ရိုဟင်ဂျာတွေကို ဂျီနိုဆိုက် ကျူးလွန်မှုကနေ ကာကွယ်ဖို့နဲ့ သက်သေအထောက်အထားတွေ ထိန်းသိမ်းဖို့ ယာယီအမိန့်တွေ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း အပြီးသတ်ဆုံးဖြတ်ခဲ့တာ မဟုတ်သေးပါဘူး။
၂၀၂၂ ခုနှစ် ဇူလိုင်မှာ မြန်မာဘက်ရဲ့ ပဏာမကန့်ကွက်ချက်တွေကို ပယ်ချခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ အမှုအနှစ်သာရကို ကြားနာပြီး နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ပါတယ်။
အပိုင်း ၄။ ရိုဟင်ဂျာတွေကို သီးခြားလူမျိုးစုအဖြစ် ICJ အသိအမှတ်ပြု
ဒီစီရင်ချက်ထဲက အရေးပါတဲ့ အချက်တချက်ကတော့ ရိုဟင်ဂျာလူမျိုးစုရဲ့ အထောက်အထားနဲ့ ပတ်သက်ပါတယ်။
မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ငြင်းပယ်ခဲ့ပြီး ဘင်္ဂါလီတွေလို့ ခေါ်ဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ICJ က စီရင်ချက်ရဲ့ စာပိုဒ် ၃၁၀ မှာ ရိုဟင်ဂျာတွေဟာ သီးခြားလူမျိုးစုတခုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
တရားသူကြီးတွေက ရိုဟင်ဂျာတွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာအစဉ်အလာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးစုအဖြစ် ခံယူထားသလဲ ဆိုတာကို စစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို သီးခြားအုပ်စုတခုအဖြစ် ဘယ်လိုဆက်ဆံခဲ့သလဲ ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါတယ်။
နောက်ဆုံးမှာ ရိုဟင်ဂျာတွေဟာ ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ် ပုဒ်မ ၂ အရ အကာအကွယ်ရရှိတဲ့ လူမျိုးစုဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေအရ အရေးပါတဲ့ အသိအမှတ်ပြုမှု ဖြစ်ပါတယ်။
အပိုင်း ၅။ ဂျီနိုဆိုက်ဆိုတာ ဘာလဲ၊ ICJ က ဘယ်လိုသက်သေပြခဲ့သလဲ
ဂျီနိုဆိုက်ဆိုတာ ဘာကိုဆိုလိုသလဲ။ လူအများအပြားကို သတ်ဖြတ်ခဲ့ရုံနဲ့ ဥပဒေကြောင်းအရ ဂျီနိုဆိုက်လို့ သတ်မှတ်လို့ မရပါဘူး။
၁၉၄၈ ခုနှစ် ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ်အရ နိုင်ငံသားအုပ်စု၊ လူမျိုးစု၊ လူမျိုးနွယ် ဒါမှမဟုတ် ဘာသာရေးအုပ်စုတခုကို အုပ်စုတခုအဖြစ် အလုံးစုံဖြစ်စေ၊ တစိတ်ပိုင်းဖြစ်စေ ဖျက်ဆီးဖို့ သီးခြားရည်ရွယ်ချက် ရှိရပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့ အုပ်စုဝင်တွေကို သတ်ဖြတ်တာ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေတာ အပါအဝင် သဘောတူစာချုပ်မှာ သတ်မှတ်ထားတဲ့ လုပ်ရပ်တွေကို ကျူးလွန်ရင် ဂျီနိုဆိုက်အဖြစ် သတ်မှတ်နိုင်ပါတယ်။
ဒီနေရာမှာ အရေးအကြီးဆုံးက သီးခြားရည်ရွယ်ချက် ရှိ၊ မရှိ ဆိုတာ ဖြစ်ပါတယ်။ ဒါကို Genocidal Intent လို့ ခေါ်ပါတယ်။
ICJ က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ်မှာ တားမြစ်ထားတဲ့ လုပ်ရပ်သုံးမျိုးကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ပထမတခုက ရိုဟင်ဂျာတွေကို သတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒုတိယတခုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့တာပါ။ တတိယတခုက ရိုဟင်ဂျာလူမျိုးစုရဲ့ မျိုးဆက်ပွားနိုင်မှုကို တားဆီးဖို့ ရည်ရွယ်တဲ့ အစီအမံတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူမျိုးစုတစုကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေဖို့ ရည်ရွယ်ပြီး ရှင်သန်နေထိုင်မှု အခြေအနေတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ သီးခြားစွပ်စွဲချက်ကိုတော့ သက်သေအလုံအလောက် မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဂျီနိုဆိုက်ကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိ၊ မရှိ ဆုံးဖြတ်ရာမှာ သတ်ဖြတ်မှုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာမီးရှို့ဖျက်ဆီးမှုတွေကို တရားရုံးက ခြုံငုံသုံးသပ်ခဲ့ပါတယ်။
၂၀၁၇ စစ်ဆင်ရေးကာလမှာ မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ စကားတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ အဲဒီပြောဆိုချက်တွေဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ICJ က သုံးသပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပုဂ္ဂလိက လူပုဂ္ဂိုလ်တွေကို ဂျီနိုဆိုက်ကျူးလွန်ဖို့ မြန်မာနိုင်ငံက တိုက်ရိုက်၊ လူသိရှင်ကြား လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ သီးခြားစွပ်စွဲချက်ကိုတော့ အတည်မပြုခဲ့ပါဘူး။ မြန်မာဘက်ကတော့ စစ်ဆင်ရေးတွေဟာ လက်နက်ကိုင်သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ရည်ရွယ်ခဲ့တာလို့ ခုခံချေပခဲ့ပါတယ်။
ဒါပေမဲ့ တရားသူကြီးအများစုက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ပုံစံကို လက်နက်ကိုင်နှိမ်နင်းရေးဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ရှင်းပြလို့မရကြောင်း သုံးသပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
အပိုင်း ၆။ ဒီစီရင်ချက် ဘာကြောင့် သမိုင်းဝင်သလဲ
ဒီဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဂျီနိုဆိုက် ပထမဆုံးဖြစ်ပွားခဲ့တဲ့နိုင်ငံလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ရဝမ်ဒါနဲ့ ဘော့စနီးယားမှာ ဂျီနိုဆိုက်တွေ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာတရားရုံးတွေက အရင်ကတည်းက ဆုံးဖြတ်ခဲ့ဖူးပါတယ်။
၂၀၀၇ ခုနှစ်မှာ ICJ က ဘော့စနီးယားနိုင်ငံ၊ ဆရက်ဘရီနီဆာမြို့မှာ ဂျီနိုဆိုက်ဖြစ်ပွားခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆားဘီးယားနိုင်ငံကို ဂျီနိုဆိုက် ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း တာဝန်ရှိတယ်လို့ မဆုံးဖြတ်ခဲ့ပါဘူး။ ဂျီနိုဆိုက်ကို တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်းပဲ ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံအမှုမှာတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဂျီနိုဆိုက်ကျူးလွန်ခဲ့ပြီး အဲဒီလုပ်ရပ်တွေအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ICJ သမိုင်းမှာ ပထမဆုံးဖြစ်လာတာ ဖြစ်ပါတယ်။
အပိုင်း ၇။ မင်းအောင်လှိုင်က သူ့စစ်တပ်ကို ပြန်စစ်ဆေးနိုင်မလား
ICJ က ၂၀၁၇ စစ်ဆင်ရေးတွေအတွင်း ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိဖို့ ကျိုးကြောင်းဆီလျော်တဲ့ အထောက်အထားရှိသူ အားလုံးကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံကို အမိန့်ချထားပါတယ်။
သက်သေအထောက်အထားအရ အရေးယူဖို့ လိုအပ်ရင် တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစုံစမ်းစစ်ဆေးမှုတွေ ဘယ်လောက် လွတ်လပ်မျှတနိုင်မလဲဆိုတဲ့ မေးခွန်း ရှိနေပါတယ်။
၂၀၁၇ စစ်ဆင်ရေးကာလမှာ မင်းအောင်လှိုင်ဟာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီမှာတော့ သူ့ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ကြေညာခဲ့ကြောင်း ICJ စီရင်ချက်မှာလည်း ဖော်ပြထားပါတယ်။
ဒါဆို စစ်ဆင်ရေးကာလက စစ်ခေါင်းဆောင်ရဲ့ တာဝန်ရှိမှုကို သူကိုယ်တိုင် ဦးဆောင်နေတဲ့ အစိုးရက ယုံကြည်စိတ်ချရလောက်အောင် စုံစမ်းစစ်ဆေးနိုင်ပါ့မလား။
အရင်က မြန်မာစစ်တပ်ရဲ့ စုံစမ်းအရေးယူမှုတွေမှာ ပြဿနာတွေ ရှိခဲ့ကြောင်း ICJ စီရင်ချက်က ထောက်ပြထားပါတယ်။
ဥပမာ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့အမှုမှာ စစ်ဘက်အရာရှိ ၄ ယောက်နဲ့ စစ်သား ၃ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၈ လသာ ထောင်ကျပြီးနောက် မင်းအောင်လှိုင်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ICJ က မှတ်တမ်းတင်ထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို စနစ်တကျ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့ကြောင်းလည်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေမှာ အောက်ခြေစစ်သားတချို့ကိုပဲ အပြစ်ပုံချပြီး ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေကို မစစ်ဆေးဘဲ ထားနိုင်သလားဆိုတဲ့ စိုးရိမ်စရာ ပေါ်လာပါတယ်။
ဒါဟာ အနာဂတ်မှာ ဘယ်လိုအရေးယူမလဲဆိုတဲ့ မေးခွန်းဖြစ်ပြီး အဲဒီလို အပြစ်ပုံချမှုတွေ ဖြစ်ပွားပြီးပြီလို့ အတည်ပြုထားတာတော့ မဟုတ်ပါဘူး။
ICJ ကတော့ စုံစမ်းစစ်ဆေးမှုတွေဟာ ထိရောက်ဖို့၊ ပြည့်စုံဖို့၊ လွတ်လပ်ပြီး ဘက်မလိုက်ဖို့ လိုအပ်ကြောင်း အမိန့်ချထားပါတယ်။
အပိုင်း ၈။ ICJ ကနေ ICC အထိ မင်းအောင်လှိုင်ကို အရေးယူနိုင်မလား
ဒီနေရာမှာ နိုင်ငံတော်အဖြစ် တာဝန်ရှိမှုနဲ့ လူတဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို ခွဲခြားဖို့ လိုပါတယ်။ ICJ က နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့သလားဆိုတာ ဆုံးဖြတ်ပါတယ်။ အခု ICJ က မြန်မာနိုင်ငံဟာ ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ICJ က စစ်ခေါင်းဆောင်တဦးချင်းစီကို ရာဇဝတ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်တာ၊ ဖမ်းဝရမ်းထုတ်တာတွေ မလုပ်နိုင်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ရာဇတ်မှုတရားရုံး (ICC) ကတော့ လူတဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို စစ်ဆေးပါတယ်။
ICC ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို ICJ စီရင်ချက် မထွက်ခင်ကတည်းက စုံစမ်းစစ်ဆေးနေပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ ICC အမှုလိုက်ရှေ့နေက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တရားသူကြီးတွေဆီ လျှောက်ထားခဲ့ပါတယ်။
အဲဒီလျှောက်ထားချက်မှာ ရိုဟင်ဂျာတွေကို အတင်းအကျပ် နယ်စပ်ဖြတ်ကျော် မောင်းထုတ်မှုနဲ့ ဖိနှိပ်ညှဉ်းပန်းမှုဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စွပ်စွဲထားပါတယ်။ ဂျီနိုဆိုက်စွဲချက်တော့ မပါသေးပါဘူး။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အထိ သက်ရောက်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပါတယ်။
ICJ ရဲ့ စီရင်ချက်ကြောင့် မင်းအောင်လှိုင်ဟာ ICC မှာ အလိုအလျောက် အပြစ်ရှိသွားတာ မဟုတ်ပါဘူး။ ICC တရားသူကြီးတွေက သူ့အပေါ် စွပ်စွဲချက်တွေနဲ့ သက်သေအထောက်အထားတွေကို သီးခြားစစ်ဆေးရမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်အထိ ဖမ်းဝရမ်းလျှောက်ထားမှုအပေါ် ICC ရဲ့ အများပြည်သူသိရှိနိုင်တဲ့ ဆုံးဖြတ်ချက်ကို အတည်မပြုနိုင်သေးပါဘူး။
ICC ကို တည်ထောင်ထားတဲ့ Rome Statute အရ သမ္မတရာထူးရှိတာ တခုတည်းကြောင့် တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကနေ ကင်းလွတ်ခွင့် မရပါဘူး။ ဒါပေမဲ့ ဖမ်းဝရမ်းထုတ်ခဲ့ရင်တောင် တကယ်ဖမ်းဆီးပြီး တရားရုံးဆီ လွှဲပြောင်းပေးနိုင်ဖို့က နောက်ထပ်စိန်ခေါ်မှုတခု ဖြစ်ပါတယ်။
အပိုင်း ၉။ မြန်မာနိုင်ငံ ဘာတွေဆက်လုပ်ရမလဲ
ICJ က မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် ဂျီနိုဆိုက်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ မဖြစ်အောင် တားဆီးဖို့နဲ့ သက်ဆိုင်ရာဥပဒေတွေ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းဖို့ အမိန့်ချထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာနစ်နာသူတွေအတွက် ပြန်လည်ကုစားမှုတွေ ဆောင်ရွက်ပေးဖို့လည်း ဆုံးဖြတ်ထားပါတယ်။ အဲဒီထဲမှာ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးနဲ့ ကွဲကွာခဲ့ရတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး ပါဝင်ပါတယ်။
ဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်လည်ပေးအပ်တာ၊ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကူညီတာနဲ့ နစ်နာသူတွေ ပြန်လည်ထူထောင်နိုင်ရေး ဆောင်ရွက်ပေးဖို့လည်း ပါဝင်ပါတယ်။
နိုင်ငံသားဖြစ်ခွင့်နဲ့ သွားလာခွင့်တွေမှာ ခွဲခြားဆက်ဆံမှု မရှိစေဖို့လည်း ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ ပြန်လည်ကုစားမှုနဲ့ မဖြေရှင်းနိုင်တဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ တာဝန်ရှိပါတယ်။ လျော်ကြေးပမာဏကိုတော့ နောက်ထပ် တရားရေးလုပ်ငန်းစဉ်မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို နှစ်နှစ်အတွင်း ICJ ဆီ အစီရင်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စီရင်ချက်ကို အလိုအလျောက် အကောင်အထည်ဖော်ပေးမဲ့စနစ် မရှိပါဘူး။ မြန်မာနိုင်ငံက မလိုက်နာရင် ဂမ်ဘီယာက ကုလသမဂ္ဂလုံခြုံရေးကောင်စီဆီ တင်ပြနိုင်ပါတယ်။
လုံခြုံရေးကောင်စီက အရေးယူရေး ဆုံးဖြတ်ချက်တွေဟာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ဗီတိုအာဏာကြောင့် ပိတ်ဆို့ခံရနိုင်ပါတယ်။ ဒါပေမဲ့ ဗီတိုအာဏာနဲ့ ICJ စီရင်ချက်ကို ပယ်ဖျက်လို့ မရပါဘူး။
အပိုင်း ၁၀။ နိဂုံး
ICJ ကတော့ မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ICC ကလည်း မင်းအောင်လှိုင် အပါအဝင် လူတဦးချင်းစီရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမှုကို သီးခြား စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းဝင်စီရင်ချက်တခု ထွက်လာရုံနဲ့ တရားမျှတမှု ချက်ချင်းရရှိမှာ မဟုတ်ပါဘူး။
အခု အဓိကမေးခွန်းက အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေသာမက အမိန့်ပေးခဲ့သူတွေ၊ စီစဉ်ခဲ့သူတွေနဲ့ တာဝန်ရှိခဲ့သူတွေအထိ တရားမျှတမှု ရောက်နိုင်မလားဆိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာနစ်နာသူတွေအတွက် ထိရောက်တဲ့ ပြန်လည်ကုစားမှုတွေနဲ့ လုံခြုံတဲ့အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မလား ဆိုတာလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့အမြင်ကိုလည်း မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
စိုင်းခေတ်နွေ











