
လတ်တလော အာဆီယံက စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ ကြိုးစားလာတာ၊ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ဩဇာနဲ့ အခန်းကဏ္ဍ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ အမှုအခြေအနေနဲ့ ဗြိတိန်ပါလီမန်က “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ဆိုင်ရာ ဥပဒေကြမ်း” တင်သွင်းခဲ့တာနဲ့ မြန်မာအရေးပေါ် သက်ရောက်မှု စတာတွေကို လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့တဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့ အကြီးတန်းဒါရိုက်တာ ဘန်နီဒစ်ရော်ဂျာစ် ကို DVB က ဆက်သွယ် မေးမြန်းထားပါတယ်။
(မေးမြန်းချက်အပြည့်အစုံ)
မေး - ပထမဦးဆုံး မေးချင်တာကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ဟာ ဇူလိုင် ၁၂ ရက်နေ့က ဘန်ကောက်မှာ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အလွတ်သဘော အစည်းအဝေးတခု ကျင်းပခဲ့ပါတယ်။ အာဆီယံဟာ နေပြည်တော်က စစ်အာဏာရှင်ကို တရားဝင်မှုပေးဖို့အတွက် တရုတ်နဲ့ အိန္ဒိယရဲ့ ခြေလှမ်းနောက်ကို လိုက်နေပြီလို့ ထင်ပါသလား။
ဖြေ - “စိုးရိမ်စရာကောင်းတာတော့ အမှန်ပါပဲ။ အဲဒီဘက်ကို ဦးတည်သွားနေတဲ့ ပုံစံမျိုးလည်း တွေ့ရပါတယ်။ အာဆီယံအတွင်းမှာ အမြင်အမျိုးမျိုး ကွဲပြားနေတယ် ဆိုတာတော့ ကျနော် သိပါတယ်။ အရင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ မလေးရှား၊ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့လို နိုင်ငံတွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ ပိုမိုပြတ်သားတဲ့ ရပ်တည်ချက်မျိုး ရှိနိုင်ပေမဲ့ တခြားနိုင်ငံတွေကတော့ စစ်အာဏာရှင်နဲ့ ပိုမိုထိတွေ့ဆက်ဆံပြီး တရားဝင်မှု ပေးချင်နေကြပါတယ်။ ဒါပေမဲ့ ခြုံငုံကြည့်ရင် တရုတ်နဲ့ အိန္ဒိယ ပြီးတဲ့နောက် အာဆီယံဘက်ကပါ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာဟာ စိုးရိမ်စရာပါ။ ဒါဟာ တရားဝင်မှုနဲ့ ယုံကြည်ထိုက်မှု လုံးဝမရှိသင့်တဲ့ စစ်အာဏာရှင်ကို တရားဝင်မှုပေးမိသလို ဖြစ်သွားစေမဲ့ အန္တရာယ်ရှိပါတယ်။”
မေး - တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လတုန်းက မင်းအောင်လှိုင်ကို ပေကျင်းမှာ နိုင်ငံ့ခေါင်းဆောင်ချင်းတူ သံတမန်အဆင့်နဲ့ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တရုတ်ရဲ့ ဒီခြေလှမ်းအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ - “ဒါလည်း စိုးရိမ်စရာကောင်းတာပါပဲ။ တရုတ်ဟာ စစ်အာဏာရှင်ဘက်က ပြောင်ပြောင်တင်းတင်း ရပ်တည်လိုက်ပြီဆိုတာ ထင်ရှားပါတယ်။ စစ်အာဏာသိမ်းပြီးခါစ အချိန်တုန်းက တရုတ်ရဲ့ ရပ်တည်ချက်ဟာ သိပ်မသေချာခဲ့ပါဘူး။ အဲဒီတုန်းက တရုတ်ဟာ အာဏာသိမ်းမှုကို တကယ်တမ်း မနှစ်သက်ဘူးလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်းမှာတော့ တရုတ်ဟာ စစ်အာဏာရှင်ဘက်ကို ပုံအောပြီး အပြည့်အဝ အားပေးထောက်ခံခဲ့တာ ထင်ရှားပါတယ်။ နိုင်ငံရေးအရ စစ်အာဏာရှင်ကို တရားဝင်မှုပေးနေသလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ စစ်ရေးအရ အကူအညီတွေ၊ လက်နက်တွေနဲ့ နိုင်ငံတကာ သံတမန်ရေးအရပါ အကြီးအကျယ် ပံ့ပိုးပေးနေတာပါ။ ဒါကြောင့် ဒါဟာ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်လို့ မြင်ပါတယ်။”
မေး - ရော်ဂျာစ် အနေနဲ့ မြန်မာနဲ့ တရုတ်နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆယ်စုနှစ်များစွာ မှတ်တမ်းတင်လာခဲ့တာပါ။ ၂၀၂၀/၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားပါသလဲ။
ဖြေ - “အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကထက်စာရင် အများကြီး အများကြီး ပိုဆိုးဝါးသွားခဲ့တာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အမြဲတမ်း အလွန်ဆိုးဝါးခဲ့တာ မှန်ပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရောက်ရှိသွားတဲ့ ပမာဏကတော့ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ရေတွက်ရင် အရင်ဖြစ်ရပ်တွေထက် အဆပေါင်းများစွာ ဆိုးဝါးပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က မြန်မာ့အရေးကို စတင်လုပ်ဆောင်စဉ်က အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ကြည်းတပ်တွေရဲ့ မြေပြင်တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း လူတွေကို မိုင်းရှင်းလင်းရေးမှာ အဓမ္မခိုင်းစေတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကျေးရွာတွေကို ဖျက်ဆီးတာနဲ့ လူပေါင်းထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာမျိုး ဆိုးရွားတာတွေ လုပ်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ အခုတော့ စစ်တပ်ဟာ တိုက်လေယာဉ်တွေတင်မကဘဲ ဒရုန်းတွေ၊ စက်တပ်လေထီး (paramotors) တွေနဲ့ Gyrocopter တွေလို နည်းပညာနဲ့ စက်ပစ္စည်း အသစ်အဆန်းတွေကိုပါ သုံးပြီး လေကြောင်းကနေ တိုက်ခိုက်နေတာပါ။ ဒါကြောင့် ဒါဟာ ကမ္ဘာကြီးအနေနဲ့ အရေးတယူ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အလွန်စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး အကျပ်အတည်း ဖြစ်ပါတယ်။”
မေး - စစ်အာဏာသိမ်းခဲ့တာ ၅ နှစ်ကျော်သွားခဲ့ပါပြီ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေကို လူကြီးမင်းအနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ - “ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတွေထဲက တခုလို့ ကျနော် ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကမ္ဘာမှာ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲ၊ ဂါဇာ၊ အီရန်ရဲ့ လက်ရှိအကျပ်အတည်းနဲ့ တခြားသော အခြေအနေများစွာကြောင့် ရသင့်ရထိုက်တဲ့ အာရုံစိုက်မှုကိုတော့ မရရှိပါဘူး။ ဒါပေမဲ့ အာရုံစိုက်မှုနဲ့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ရရှိရေးအတွက် မြန်မာနိုင်ငံဟာ ဒီအခြေအနေတွေ အားလုံးနဲ့အတူ တန်းတူအာရုံစိုက်ခံရဖို့ ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေရော၊ နိုင်ငံရေး အကျဉ်းသား အရေအတွက်အရပါ ဖြစ်ပျက်နေတာတွေကြောင့်ပါ။
အာဏာသိမ်းပြီးနောက်ပိုင်း အတော်ကြာတဲ့အထိ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၂၂,၀၀၀ ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ မကြာသေးမီလတွေအတွင်း တချို့ ပြန်လွတ်လာတာတွေရှိတာ သိပေမဲ့ လက်ရှိအချိန်အထိ အရေအတွက်ဟာ ၁၄,၀၀၀ ဝန်းကျင် ရှိနေတုန်းပါပဲ။ ဒါဟာ အရင် စစ်ခေါင်းဆောင်တွေ လက်ထက်ကထက် အများကြီး ပိုမိုများပြားတဲ့ ပမာဏပါ။ ဦးသန်းရွှေ စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးအကျဉ်းသား အရေအတွက် အများဆုံးဟာ ၂,၀၀၀ ကနေ ၃,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့တာကို ကျနော် မှတ်မိပါတယ်။ အဲဒီပမာဏကတောင် လွန်စွာဆိုးရွားလှပါပြီ။ ဆိုလိုတာက နိုင်ငံရေးအကျဉ်းသား တယောက်ရှိတာတောင် ပိုနေပါပြီ။ အခုလို ၂၂,၀၀၀ ဒါမှမဟုတ် ၁၄,၀၀၀ အထိ ရှိနေတာကတော့ တကယ့်ကို တုန်လှုပ်ဖွယ်ရာပါပဲ။ ဒါကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး အခြေအနေတွေထဲက တခုဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းထံမှ ပိုမိုများပြားတဲ့ အာရုံစိုက်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။”
မေး - ဒါဆိုရင် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးဖို့အတွက် အကြီးမားဆုံး အဟန့်အတားက ဘာဖြစ်မလဲလို့ မြင်ပါသလဲ။
ဖြေ - “တရုတ်နဲ့ ရုရှားထံမှ ဘဏ္ဍာရေးနဲ့ စစ်ရေးအကူအညီတွေ ရရှိနေတာဟာ အကြီးမားဆုံး အဟန့်အတားပဲလို့ ထင်ပါတယ်။ စစ်တပ်မှာ အခုရှိနေတဲ့ လေကြောင်းအင်အား မရှိဘူးဆိုရင် အတိုက်အခံ ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အောင်ပွဲရရှိဖို့ သို့မဟုတ် နယ်မြေအမြောက်အမြား သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်း ပိုများခဲ့မှာပါ။ လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော် ဒီဒေသကို ရောက်ခဲ့စဉ်က စစ်တပ်ဟာ အကျဘက်ကို ရောက်နေပြီး အတိုက်အခံတပ်တွေ နယ်မြေစိုးမိုးလာနေတဲ့ ပုံစံမျိုး တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ စစ်တပ်ဟာ ပြန်လည်ထိုးစစ်ဆင်လာနေတဲ့ ပုံစံမျိုး တွေ့ရပါတယ်။ ဒါဟာ အဓိကအားဖြင့် စစ်တပ်မှာ လေကြောင်းအင်အားရှိနေပြီး အတိုက်အခံတွေထက် လက်နက်အင်အား အများကြီး ပိုမိုသာလွန်နေလို့ပါ။ အဲဒီလက်နက်တွေဟာ အဓိကအားဖြင့် တရုတ်နဲ့ ရုရှားဆီက လာတာဖြစ်ပါတယ်။ တခြားအဟန့်အတားတခုကတော့ စစ်ရေးအရ မဟုတ်ရင်တောင် စီးပွားရေးနဲ့ သံတမန်ရေးအရ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ထံမှ ရရှိနေတဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါတယ်။”
မေး - မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေဘက်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေလည်း တိုးပွားလာနေပါတယ်။ Fortify Rights အနေနဲ့ ဒီစွပ်စွဲချက်တွေကို ဘယ်လိုသုံးသပ် မှတ်တမ်းတင်နေပါသလဲ။
ဖြေ - “Fortify Rights အနေနဲ့ လူတိုင်းအတွက် လူ့အခွင့်အရေးကို လုံးဝယုံကြည်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်စွာ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုခြင်းနဲ့ ဖော်ထုတ်ခြင်းတို့ကို ပြုလုပ်ပါတယ်။ အတိုက်အခံအဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိလာတဲ့အခါမှာလည်း ကျနော်တို့ ထုတ်ပြန်ဖို့ ဝန်မလေးခဲ့ပါဘူး။ အထူးသဖြင့် AA နဲ့ ARSA လို အဖွဲ့အစည်းတချို့ရဲ့ ချိုးဖောက်မှုတွေကို ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်သူပဲ ကျူးလွန်သည်ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ဖို့နဲ့ တာဝန်ယူမှု၊ တရားမျှတမှု ရရှိရေးတို့အတွက် ကျနော်တို့ အပြည့်အဝ ယုံကြည်ဆောင်ရွက်နေ ရှိပါတယ်။”
မေး - အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ ရိုဟင်ဂျာ မျိုးတုံးသတ်ဖြတ်မှုအမှုနဲ့ universal jurisdiction အောက်မှာ ရှိနေတဲ့ အမှုတွေရဲ့ လက်ရှိအခြေအနေကိုသိပါရစေ။
ဖြေ - “ဟိဂ်မြို့ ICJ တရားရုံးက အမှုနဲ့ပတ်သက်လို့ Fortify Rights ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO မက်သရူးစမစ်သ်ဟာ အမှုရင်ဆိုင်နေစဉ် အခုနှစ်အစောပိုင်းက ဟိဂ်မြို့မှာ သီတင်းပတ်အတော်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။ အခုတော့ ကျနော်တို့ ICJ ရဲ့ အမိန့်ဒီဂရီကို စောင့်ဆိုင်းနေကြပါတယ်။ ဘယ်အချိန်မှာ ထွက်လာမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီနှစ်မကုန်မီ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Universal jurisdiction အမှုတွေနဲ့ ပတ်သက်လို့တော့ မတူညီတဲ့ အဆင့်တွေမှာ အမှုအတော်များများ ရှိနေပါတယ်။ အာဂျင်တီးနားမှာ အမှုတခုရှိခဲ့သလို တီမောလက်စတေနဲ့ အင်ဒိုနီးရှားတို့မှာလည်း အမှုဖွင့်လှစ်နိုင်ဖို့ အစပျိုးနေပါပြီ။ ဒါတွေဟာ မတူညီတဲ့ အဆင့်အသီးသီးမှာ တိုးတက်မှု ရှိနေပါတယ်။ Universal jurisdiction ဟာ ဖြစ်နိုင်သမျှ နေရာတိုင်းမှာ အသုံးပြုသင့်တဲ့ စနစ်တခုဖြစ်ပြီး ဒီအမှုတွေ စတင်နေပြီ ဆိုတာကိုလည်း ကြိုဆိုပါတယ်။”
မေး - ဒီဥပဒေကြောင်းအရ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာ အပါအဝင် မြန်မာနိုင်ငံက ခံစားခဲ့ရသူတွေအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ - “ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ တင်ပြလာတဲ့ သက်သေအထောက်အထားတွေကို သေချာစိစစ်ပြီး အဲဒီသက်သေတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ နိုင်ငံတကာဥပဒေတွေနဲ့ တိုက်ဆိုင်စစ်ဆေးမဲ့ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်တခုသာ ရှိခဲ့ရင် တရားမျှတမှု ရရှိနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”
မေး - စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုရှိစေဖို့ နိုင်ငံတကာ အသိုက်အဝန်းက ဘာတွေ ပိုမိုလုပ်ဆောင်ပေးနိုင်မလဲ။
ဖြေ - “ပထမဦးစွာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံအရေးကို ပိုမိုအာရုံစိုက်သင့်ပါတယ်။ လူ့အခွင့်အရေး NGO တွေတင်မကဘဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်း တွမ်အန်ဒရူးနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် တို့လို ပုဂ္ဂိုလ်တွေကပါ မြန်မာနိုင်ငံ အခြေအနေ ဘယ်လောက်ဆိုးဝါးနေကြောင်း ကုလသမဂ္ဂစနစ်အတွင်း သတိပေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဘက်က အမှန်တကယ် အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံရေးဆန္ဒအပေါ်မှာ အဓိက မူတည်နေတာပါ။ ဒါကြောင့် အဲဒီလို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုံကြည်တဲ့ နိုင်ငံတွေအနေနဲ့ စစ်အာဏာရှင်ကို တရားဝင်မှုပေးဖို့ ကြိုးစားနေသူတွေကို တုံ့ပြန်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အဓိကအားဖြင့် စစ်အာဏာရှင်ကို တာဝန်ယူမှုရှိစေဖို့ အဆင့် ၂ ခု လိုအပ်ပါတယ်။ တခုကတော့ အခုလေးတင် ပြောခဲ့တဲ့ ICJ နဲ့ universal jurisdiction တို့လို တရားစီရင်ရေး ယန္တရားတွေဖြစ်ပြီး နောက်တခုကတော့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုထိရောက်စွာ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ပိတ်ဆို့တာမဟုတ်ဘဲ စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တာ ဖြစ်ရပါမယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေရဲ့ ပိတ်ဆို့မှုတချို့ ရှိနေပေမဲ့ ဗြိတိန်လို နိုင်ငံမျိုးဆိုရင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီးတဲ့တိုင်အောင် အချိန်အတော်ကြာ အရေးယူမှုအသစ်တွေ မပြုလုပ်ခဲ့ပါဘူး။ ဒါကြောင့် အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် လွှတ်တော်တို့နဲ့ တက်လာတဲ့ ဒီစစ်အာဏာရှင်ကို လက်မခံဘူးဆိုတဲ့ သတင်းစကား ပေးနိုင်ဖို့ ဗြိတိန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီပိတ်ဆို့မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ရပါမယ်။ အခြေခံအားဖြင့် ဒီအခြေအနေကို ဖြေရှင်းမဲ့ နည်းလမ်းကတော့ စစ်အာဏာရှင်အတွက် ရရှိနေတဲ့ ဘဏ္ဍာရေး၊ သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့ သွေးကြောတွေကို ဖြတ်တောက်နိုင်သမျှ ဖြတ်တောက်ဖို့ပါပဲ။ နိုင်ငံတကာ လက်နက်ပိတ်ဆို့မှုကို အားဖြည့်ဆောင်ရွက်ရပါမယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်စေတဲ့ ဂျက်လေယာဉ်ဆီ တင်ပို့မှုကို တားဆီးရပါမယ်။ စစ်အာဏာရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တာဝန်ယူမှုရှိစေဖို့ ကြိုးပမ်းမှုတွေကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရပါမယ်။”
မေး - စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ဖို့ Fortify Rights အနေနဲ့ မြန်မာနိုင်ငံ အတွင်း၊ အပြင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေပါသလဲ။
ဖြေ - “Fortify Rights ရဲ့ လုပ်ငန်းတွေထဲက အဓိကအစိတ်အပိုင်းတခုနဲ့ တခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မတူဘဲ ကွဲပြားတာကတော့ ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ မကြာသေးမီ လများအတွင်းက ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့ ကရင်နီပြည်နယ်ကို သွားရောက်ပြီး ဒေသခံအဖွဲ့အစည်းတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်းတွေ ပေးခဲ့ပါတယ်။ တခြားနေရာတွေမှာလည်း ဒီလိုမျိုး ဆောင်ရွက်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ဆောင်ရွက်သူတွေနဲ့ ပူးပေါင်းပြီး မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်နိုင်စွမ်း မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။”
မေး - မကြာသေးမီက ဗြိတိန်ပါလီမန်မှာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ဆိုင်ရာ ဥပဒေကြမ်း” ကို တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေကြမ်းဟာ ဗြိတိန်တရားရုံးတွေကို ပင်လယ်ရပ်ခြားမှာ ကျူးလွန်ခဲ့တဲ့ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် အကြိုဆုံးဖြတ်ခွင့်ပေးမှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှု ရှာဖွေနေသူတွေအတွက် ဘယ်လိုအထောက်အကူ ဖြစ်စေနိုင်ပါသလဲ။
ဖြေ - “ဒီဥပဒေကြမ်းဟာ အလွန်အရေးပါတဲ့ ဥပဒေပြုရေးဆိုင်ရာ ခြေလှမ်းတခုလို့ ထင်ပါတယ်။ ဒီဥပဒေကြမ်းကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကာလရှည်ကြာ ရပ်တည်ပြောဆိုပေးခဲ့တဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ လော့ဒ်အယ်လ်တန်က တင်သွင်းခဲ့တာပါ။ ဒီပုဂ္ဂိုလ်ဟာ Fortify Rights ရဲ့ ခေါင်းဆောင်မှုကောင်စီဝင် တယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ ဗြိတိန်မှာ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ အစိုးရအနေနဲ့ “အစိုးရတွေက လူမျိုးတုံးသတ်ဖြတ်မှုကို မဆုံးဖြတ်သင့်ဘူး၊ နိုင်ငံရေးသမားတွေက မဆုံးဖြတ်သင့်ဘူး၊ ဒါဟာ တရားရုံးတွေကပဲ ဆုံးဖြတ်ရမဲ့ ဥပဒေရေးရာကိစ္စ ဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုနေတာပါ။ ဒါပေမဲ့ ပြဿနာက ဗြိတိန်တရားရုံးတွေမှာ ဒီလိုဆုံးဖြတ်ခွင့်အာဏာ မရှိသေးတာပါပဲ။ ဒါကြောင့် အစိုးရက တရားရုံးတွေပဲ လုပ်ရမယ်လို့ ပြောပေမဲ့ တရားရုံးတွေက မလုပ်နိုင်တဲ့အတွက် ဘယ်သူကမှ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မကြေညာနိုင်ဘဲ၊ တားဆီးဖို့ ဒါမှမဟုတ် အရေးယူဖို့ ဘာမှ မလုပ်နိုင်တဲ့ လှည့်ပတ်ပိတ်မိနေတဲ့ သံသရာမျိုး ဖြစ်နေပါတယ်။ တကယ်လို့ ဒီဥပဒေကြမ်း အတည်ပြုနိုင်ခဲ့ရင် အင်္ဂလန်နဲ့ ဝေလပြည်နယ်တို့ရဲ့ အထက်တရားရုံးအပြင် စကော့တလန် တရားရုံးတို့ကို လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေ ဒါမှမဟုတ် ကိုယ်စားပြု လူ့အခွင့်အရေး အဖွဲ့အစည်းတွေထံက သက်သေအထောက်အထားတွေ လက်ခံရယူခွင့် ပေးအပ်မှာ ဖြစ်ပါတယ်။ ဒီနောက် အတွေ့အကြုံရှိပြီး လွတ်လပ်တဲ့ တရားသူကြီးတွေက အဲဒီသက်သေတွေကို စိစစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ဟုတ်မဟုတ် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်ခဲ့ပါက ဗြိတိန်အစိုးရအနေနဲ့ အမှုကို အပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို လွှဲပြောင်းဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ စတဲ့ အရေးယူဆောင်ရွက်မှုတွေကို မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက် ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး မတင်မကျ ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်ပေးနိုင်မဲ့ ဥပဒေကြမ်းတခု ဖြစ်ပါတယ်။”
မေး - မြန်မာနိုင်ငံ အခြေအနေကို ရောမဥပဒေ (Rome Statute) ပုဒ်မ ၁၄ အောက်ကနေ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ဗြိတိန်အနေနဲ့ ဦးဆောင်ကြိုးပမ်းပေးဖို့ Fortify Rights က တောင်းဆိုထားပါတယ်။ ဒီဥပဒေကြမ်းသာ ဥပဒေဖြစ်လာခဲ့ရင် မင်းအောင်လှိုင်အပေါ် စွဲဆိုထားတဲ့ အမှုကို ဘယ်လိုမျိုး အရှိန်မြှင့်ပေးနိုင်မလဲ။
ဖြေ - “ဒီဥပဒေကြမ်း ဥပဒေဖြစ်လာရင် မြန်မာပြည်သူတွေ ဒါမှမဟုတ် ကိုယ်စားပြု အဖွဲ့အစည်းတွေဟာ အင်္ဂလန်၊ ဝေလနဲ့ စကော့တလန် တရားရုံးတွေကို သက်သေအထောက်အထားတွေ တင်သွင်းနိုင်မှာဖြစ်ပြီး အမှုကို အရှိန်မြှင့်တင်ပေးနိုင်မှာပါ။ တရားရုံးတွေက ရိုဟင်ဂျာကိစ္စ ဒါမှမဟုတ် တခြားကိစ္စတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ဆုံးဖြတ်ပါက ဗြိတိန်အစိုးရဟာ မင်းအောင်လှိုင်ကို ICC ကို လွှဲပြောင်းရေး အပါအဝင် အရေးယူဆောင်ရွက်မှုတွေ မဖြစ်မနေ ပြုလုပ်ရမှာပါ။ ဒါကြောင့် မင်းအောင်လှိုင်နဲ့ တခြားကျူးလွန်သူတွေကို တာဝန်ယူမှုရှိစေမဲ့ ယန္တရားတွေကို အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။”
မေး - ဒီဥပဒေကြမ်းကို ဇူလိုင် ၁၇ ရက်နေ့မှာ ဗြိတိန်အထက်လွှတ်တော်မှာ ဒုတိယအကြိမ် ဖတ်ကြားဖို့ အချိန်ဇယား ဆွဲထားပါတယ်။ လွှတ်တော် ၂ ရပ်လုံးမှာ ပါတီစုံ ထောက်ခံမှု ရရှိဖို့အတွက် ဘာစိန်ခေါ်မှုတွေ ကျန်ရှိနေသေးလဲ။
ဖြေ - “အထက်လွှတ်တော်မှာ ပါတီစုံ ထောက်ခံမှု အတော်အတန် ရရှိနေတာ တွေ့ရတော့ အားတက်စရာပါပဲ။ မဲခွဲပွဲကို စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ အားလုံးက ထောက်ခံကြလိမ့်မယ် လို့တော့ မျှော်လင့်ပါတယ်။ အထက်လွှတ်တော် အဆင့်ဆင့်ကို ဖြတ်သန်းပြီးရင်တော့ အောက်လွှတ်တော်ကို ဆက်လက်ရောက်ရှိမှာပါ။ အောက်လွှတ်တော်မှာတော့ အာဏာရပါတီက အမတ်အရေအတွက် ပိုများတဲ့အတွက် ပိုပြီး စိန်ခေါ်မှု ရှိနိုင်ပါတယ်။ တကယ်လို့ အစိုးရအနေနဲ့ ဒီဥပဒေကြမ်းကို မထောက်ခံဘူးဆိုရင် သူတို့ရဲ့ အမတ်တွေကို ကန့်ကွက်မဲပေးဖို့ တိုက်တွန်းတာမျိုး လုပ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အစိုးရကိုယ်တိုင်ကပဲ ဒီဥပဒေကြမ်းကို ထောက်ခံပေးစေချင်တာပါ။ ဒါပေမဲ့ မထောက်ခံဘူး ဆိုရင်တောင် အနည်းဆုံးတော့ ကြားနေပေးပြီး အမတ်တွေကို မိမိတို့ရဲ့ ကိုယ်ပိုင် အသိစိတ်ဓာတ်အတိုင်း လွတ်လပ်စွာ မဲပေးခွင့် ပြုစေချင်ပါတယ်။ ကျနော်တို့ဘက်ကလည်း အမတ်တွေ ထောက်ခံလာကြအောင် ဆက်လက်ပြီး တိုက်တွန်းကြိုးပမ်းသွားမှာပါ။”
မေး - ကုန်သွယ်ရေး ဒါမှမဟုတ် သံတမန်ရေးရာ စဉ်းစားချက်တွေကြောင့် တွန့်ဆုတ်နေနိုင်တဲ့ ဗြိတိန် ဥပဒေပြုအမတ်တွေကို ဘာသတင်းစကား ပါးချင်ပါသလဲ။
ဖြေ - “ကုန်သွယ်ရေးက အရေးကြီးသလို အခုက စီးပွားရေးအရ ခက်ခဲတဲ့ အချိန်ဆိုတာလည်း ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ရင်းနှီးပေးဆပ်မှုတော့ ဘယ်တော့မှ မဖြစ်သင့်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေမှာ အဆိုးဝါးဆုံး ရာဇဝတ်မှုလို့ ခေါ်တဲ့ “လူမျိုးတုံးသတ်ဖြတ်မှု” ကို ကျူးလွန်နေတဲ့ နိုင်ငံတွေ၊ စစ်အာဏာရှင်တွေနဲ့ ကျနော်တို့ ကုန်သွယ်မှု မလုပ်သင့်ပါဘူး။ ကိုယ်ကျင့်တရားနဲ့ အသိတရားရှိတဲ့ ဘယ်သူမဆို ကုန်သွယ်ရေးပဲဖြစ်ဖြစ်၊ သံတမန်ဆက်ဆံရေးပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အရေးကြီးပါစေ၊ လူမျိုးတုံးသတ်ဖြတ်မှု အပေါ်မှာတော့ နှုတ်ဆိတ်မနေသင့်ဘူး ဆိုတာကို သဘောတူကြမှာ အမှန်ပါပဲ။”
မေး - တရုတ်နိုင်ငံအကြောင်း ပြန်သွားရရင် မြန်မာ့အကျပ်အတည်းမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို ရှေ့ဆက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ - “တရုတ်ရဲ့ အခန်းကဏ္ဍက တကယ့်ကို အလွန်ကြီးမားပြီး စိုးရိမ်စရာလည်း ကောင်းလှပါတယ်။ ဒီ စစ်အာဏာရှင် အာဏာမြဲနေအောင် သက်ဆိုးရှည်အောင် လုပ်ပေးနေတဲ့ အဓိကအင်အားက တရုတ်ပါပဲ။ ကျန်တဲ့ နိုင်ငံတကာ အသိုက်အဝန်းကသာ တကယ်တမ်း တက်တက်ကြွကြွ ဝင်မဟန့်တားဘူးဆိုရင် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကစားကွင်း ဖြစ်သွားနိုင်သလို လက်ဝေခံနိုင်ငံ ရောက်သွားနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက်တင် မကပါဘူး၊ ကမ္ဘာကြီးတခုလုံးအတွက်ပါ အလွန်အန္တရာယ်များတဲ့ အခြေအနေ ဖြစ်တာကြောင့် တရုတ်ရဲ့ လွှမ်းမိုးမှုကို ဟန့်တားဖို့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေဘက်က အလေးအနက်ထား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”
မေး - နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းကို ဘာသတင်းစကား ပါးချင်ပါသလဲ။
ဖြေ - “မြန်မာနိုင်ငံဆိုတာ ကျနော်တို့နဲ့ ဘာမှမဆိုင်တဲ့၊ ဝေးလံခေါင်သီတဲ့ နိုင်ငံတခု မဟုတ်ပါဘူး။ တရုတ်ရဲ့ လွှမ်းမိုးမှုတွေနဲ့ သူ့ရဲ့ ပထဝီဝင် အနေအထားကြောင့် ပထဝီနိုင်ငံရေးအရ အလွန်အရေးပါတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရသလို ဒီမိုကရေစီအတွက်လည်း အပြင်းအထန် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံတခုပါ။ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖြစ်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းခွင့် ရခဲ့ဖူးပါတယ်။ ဒါကြောင့် ကမ္ဘာကြီးအနေနဲ့ မြန်မာပြည်သူတွေ မခိုင်မာသေးတဲ့ အဲဒီ ဒီမိုကရေစီဆီ ပြန်သွားဖို့တင်မကဘဲ ပြည်သူအားလုံးအတွက် စစ်မှန်ပြီး ရေရှည်တည်တံ့မဲ့ ဒီမိုကရေစီတရပ် ထူထောင်နိုင်ရေး လိုလားချက်ကို ပံ့ပိုးပေးဖို့ ကြွေးတင်နေပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကိုယ့်ကိုယ်ပိုင် အကျိုးစီးပွားအရတင်မကဘဲ မြန်မာပြည်သူတွေ လွတ်လပ်ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် ကူညီပေးရမဲ့ စာရိတ္တပိုင်းဆိုင်ရာ တာဝန်ပါ ရှိနေပါတယ်။”
Fortify Rights ရဲ့ အကြီးတန်းဒါရိုက်တာ ဘန်နီဒစ်ရော်ဂျာစ်ကို အခုလို DVB မှာ အင်တာဗျူးလက်ခံ ဖြေကြားပေးပြီး လာရောက်ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
“ကျေးဇူးတင်ပါတယ်။”










