စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို တရားဝင် ကြိုဆိုဧည့်ခံပွဲ မလုပ်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းရှိရင် ဖမ်းဆီးလွှဲပြောင်းပေးဖို့ Fortify Rights အဖွဲ့က စက်တင်ဘာ ၉ ရက်မှာ ကမ္ဘောဒီးယားကို တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သံတမန်ရေး တရားဝင်မှုရဖို့ စက်တင်ဘာ ၁၁ ရက်ကနေ ၁၂ ရက်အထိ ကမ္ဘောဒီးယားကို သွားရောက်ဖို့ ပြင်ဆင်နေတာပါ။
ICC အဖွဲ့ဝင် ကမ္ဘောဒီးယားအနေနဲ့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိပြီး မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး ကြိုဆိုတာထက် တာဝန်ယူမှုပဲ ပေးသင့်တယ်လို့ Fortify Rights က ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ အာဂျင်တီးနား တရားရုံးကလည်း ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ပါတယ်။
ဒါ့အပြင် သူဦးဆောင်တဲ့ စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ ပြည်သူ ၃ ဒသမ ၈ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူပေါင်း ၁၀,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ စာရင်းတွေအရ သိရပါတယ်။











