DVB Logo
Home
မြန်မာသတင်း
အမေရိကန်ရှိ ဒေါ်လာ ၁ ဘီလီယံကို အာမခံငွေအဖြစ်အသုံးချခွင့်ရရေး NUG ကြိုးပမ်းနေ
DVB
·
September 6, 2022
အမေရိကန်ရှိ ဒေါ်လာ ၁ ဘီလီယံကို  အာမခံငွေအဖြစ်အသုံးချခွင့်ရရေး NUG ကြိုးပမ်းနေ
Donate to DVB

အမေရိကန်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ဒီဂျစ်တယ်ငွေကြေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဗဟိုဘဏ်အသစ်ဖွဲ့စည်း တည်ထောင်ရေးတို့အတွက် အာမခံငွေအဖြစ် အသုံးပြုခွင့်ရဖို့ NUG အစိုးရက အမေရိကန် ဗဟိုဘဏ်ကို တောင်းဆိုထားပါတယ်။

ထိန်းချုပ်ထားတဲ့ ငွေကြေးတွေကို ကျနော်တို့ရဲ့ ဒီဂျစ်တယ်ငွေကြေးအတွက် အာမခံအဖြစ် အမေရိကန်က သဘောတူပေးရုံပါပဲလို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

NUG အစိုးရကတောင်းဆိုတဲ့ ငွေကြေးဟာ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးနောက် အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ထားလိုက်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရန်ပုံငွေတွေထဲက တစ်ခုဖြစ်ပါတယ်။

တကယ်လို့အမေရိကန်ကသာ သဘောတူခွင့်ပြုခဲ့ရင် ဗဟိုဘဏ်အသစ်တစ်ခုဖွဲ့စည်းတည်ထောင်ပြီး အတိုက်အခံအင်အားစုတွေရဲ့ တော်လှန်ရေးမှာသုံးစွဲဖို့အတွက် ဒီဂျစ်တယ်ငွေကြေးတစ်ခု ဖြန့်ချိအသုံးပြုသွားမှာဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။

အမေရိကန်က ထိန်းချုပ်ထားတဲ့ ငွေကြေးတွေကို ထုတ်ယူသုံးစွဲခွင့်ပြုဖို့တောင်းဆိုတာထက် အဲဒီငွေကို အာမခံအနေနဲ့ထားပြီး ငွေကြေးတစ်ခုဖန်တီးသုံးစွဲတာက ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။

ဆက်လက်ပြီး အမေရိကန်အနေနဲ့ သေချာတဲ့အနာဂတ်မရှိဘဲနဲ့ ဒီငွေတွေကို ထုတ်ယူသုံးစွဲခွင့်ပြုမှာ မဟုတ်တာကိုသိကြောင်းနဲ့ ထိန်းချုပ်ခံထားရတဲ့ငွေတွေကို အာမခံအဖြစ်သာထားပြီး သုံးစွဲမှာဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဗဟိုဘဏ်ဖွဲ့စည်းတည်ထောင်ပြီးတဲ့အခါမှာ ဒီငွေတွေဟာ နိုင်ငံခြားအရန်ငွေဖြစ်လာမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

စင်္ကာပူ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံတို့မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိသေးတယ်လို့ ယူဆကြောင်း ဦးတင်ထွန်းနိုင်ကပြောပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာဘဏ်တွေကို မေးမြန်းဖို့ဆက်သွယ်ရာမှာတော့ ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့ Bloomberg သတင်းမှာ ဖော်ပြပါတယ်။

ဒီလိုအဖြစ်အပျက်မျိုး အရင်ကလည်း ကမ္ဘာမှာဖြစ်ခဲ့ဖူးတာရှိပါတယ်။ အမေရိကန်မှာ သမ္မတထရမ့်လက်ထက်က ဗင်နီဇွဲလားသမ္မတ နီကိုးလာ့စ်မာဒူရိုကို ဖိအားပေးနိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု စင်ပြိုင်သမ္မတဟွမ်ဂွေဒိုကို အမေရိကန်မှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံပိုင် ဘဏ်အကောင့်တွေကနေ ငွေထုတ်ယူခွင့်ပြုခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံသားတွေအတွက် ဗင်နီဇွဲလားရဲ့ တရားဝင်အစိုးရက အသုံးပြုခွင့်ရအောင် ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ အဲဒီအချိန်က အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေပမာဏ ဘယ်လောက်ကို ထုတ်ယူခဲ့တယ်ဆိုတာကိုတော့ မသိခဲ့ရပါဘူး။

အမေရိကန်ရဲ့ အကူအညီကိုရခဲ့လျှင်တောင်မှ NUG အစိုးရ စီစဉ်ထားတဲ့အတိုင်းဖြစ်လာနိုင်ဖို့ အတားအဆီးတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ Bloomberg  ကပြောပါတယ်။

မြန်မာစစ်တပ်ကလည်း နိုင်ငံတကာရဲ့ ကန့်ကွက်ပြစ်တင်ရှုတ်ချတာတွေ၊ စီးပွားရေးဆုတ်ယုတ်ပျက်စီးလာတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေဖြစ်နေတာတောင်မှ နောက်ဆုတ်မယ့်အရိပ်အယောင် မပြသေးပါဘူး။

Total နဲ့ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီတွေဟာလည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဦးဆောင်ကာစီးပွားရေးပိတ်ဆို့မှုတွေကြောင့်  ဆယ်စုပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့တဲ့ သူတို့ရဲ့လုပ်ငန်းတွေကိုထားပြီး မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။

မြန်မာကျပ်ငွေရဲ့ အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ဆိုလျှင် ၃၇ ရာခိုင်နှုန်း ကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီး ကမ္ဘာမှာအဆိုးရွားဆုံးငွေတန်ဖိုးကျဆင်းမှုဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ ငွေလဲနှုန်း ၂၁၀၀ ကျပ်ဟာ ပြင်ပဈေးကွက်နဲ့ များစွာကွာခြားနေပြီး ပြင်ပဈေးကွက်ပေါက်ဈေးအရ မြန်မာကျပ်ငွေရဲ့တန်ဖိုးဟာ လက်တွေ့မှာ ၃ ဆ လောက်အထိထိုးကျသွားခဲ့တာဖြစ်ပါတယ်။ 

မတ်လ ၂၀၂၀ နောက်ပိုင်းကနေစတင်ကာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်းဟာ နှစ်ဆလောက်ပြန်တက်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာလောက် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုလျှော့ချရေးဆောင်ရွက်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ခဲ့ရပြီလို့ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကမ္ဘာ့ဘဏ်က ပြောကြားခဲ့ပါတယ်။

Ref-Bloomberg

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013