DVB Logo
Home
မြန်မာသတင်း
ထားဝယ်-မေတ္တာလမ်းတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး
DVB
·
September 5, 2022
ထားဝယ်-မေတ္တာလမ်းတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံး
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-မေတ္တာလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၃ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က ထားဝယ်မှ မေတ္တာဘက်ကို ခြေကျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သရက်ငုတ်ရွာအနီးမှာ က္လားသစ္ဏတ်အဖွဲ့နဲ့ Dawei Guerilla Revolutionary Force (DGRF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ဗိုလ်ကြီးအဆင့်အပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ က္လားသစ္ဏတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာ ထားဝယ်ဘက်ကတက်လာတဲ့ ယာဉ်တန်းနဲ့ ကျောက်မဲတောင်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတို့ကို ကော်သူလေးအာမီ (Kaw Thoo Lei army) နဲ့ Eastern Defense Force EDF(Local)၊ PDF ပူးပေါင်းတပ်တို့က သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာတို့မှာ တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ EDF က ထုတ်ပြန်ပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်နေ့မှ မနက် ၁၀ နာရီခွဲလောက်မှာလည်း သင်္ကန်းတုံးရွာဘက်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ၀င်ရောက်လာတဲ့ အင်အား ၁၀၀ ၀န်းကျင်လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို Kawthoolei Army၊ ထား၀ယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-ပ.က.ဖ)၊ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) နဲ့ သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ) ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခဲ့လို့ စစ်ကောင်စီမှ ၄ ဦးသေဆုံးပြီး ၇ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထား၀ယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-ပ.က.ဖ) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“ဒီနေ့တော့ တိုက်ပွဲ အတော်ပြင်းထန်တယ်။ သင်္ကန်းတုံးရွာနဲ့ ကျောက်မဲတောင်အကြား တောက်လျှောက် တစ်နေကုန်ဖြစ်နေတာ” လို့ ထားဝယ် ပ.က.ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ မနက် ၉း၄၅ မိနစ်လောက်မှာလည်း ပခပ်ရွာအနီး Dawei Defense Team - DDT (ထားဝယ် - ပကဖ)နဲ့ Kaw Thoo Lei Army ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနဲ့ကားတန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DDT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့ထက်မနည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးဒဏ်ရာရသူ မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ထားဝယ်အရှေ့တောဒေသ ထားဝယ်-မေတ္တာ-ထီးခီး လမ်းကြောင်းမှာ စစ်ကောင်စီယာဉ်တန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013