DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် မြောင်ပြည်သူ ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
DVB
·
September 4, 2022
စစ်ကောင်စီတပ် အကြမ်းဖက်မှုကြောင့် မြောင်ပြည်သူ ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချင်းတွင်းမြစ်ဆုံဝန်းကျင် ကျေးရွာတွေမှာ စစ်ကောင်စီက ဆက်တိုက်အကြမ်းဖက်နေတာကြောင့် ပြည်သူ ၅ ယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရထားတယ်လို့ မြောင်ဒေသခံ PDF တွေက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ချင်းတွင်းမြစ်ဆုံအနီးကျေးရွာတွေကို စစ်ကောင်စီက ဩဂုတ် ၂၄ ရက်နေ့ကနေ စက်တင်ဘာ ၄ ရက်နေ့အထိ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြောင်ဗိုလ်တောက်ထွန်း Special Force တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီက မြောင်မြို့နယ်ထဲကို ရေစကြိုဘက်ကနေ ရေကြောင်းနဲ့ဝင်ရောက်ပြီး လေကြောင်းကနေလည်း အင်အားတွေချထားခဲ့တယ်လို့ ဆိုပါတယ်။ မြောင်မြို့နယ်မှာ စစ်ကောင်စီက အင်အား ၃၀၀ ကျော်အသုံးပြုအကြမ်းဖက်နေတာဖြစ်ပြီး ၁၆ ရက်အတွင်းမှာ ပြည်သူ ၅ယောက်သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရထားပါတယ်။ 

အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရတာတွေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြောင် BTT Special Force တာဝန်ရှိ ကိုတောက်တွန်းက "စစ်ကြောင်းက မြစ်ဆုံကိုထိုး၊ မြစ်ဆုံကနေ ငါးရံ့အူ-မင်းလှကိုထိုး၊ မနေ့ကမနက်ခင်းက ကျောက်ရစ်ကျေးရွာမှာ ပြန်ပြီးပူးပေါင်းလိုက်တာလေ။ လောလောဆယ် ကျောက်ရစ်အထိုင်စခန်းမှာ အင်အား ၁၀၀ ကျော်ရှိတယ်။ ပန်းညိုကျေးရွာဘက်မှာက အင်အား ၁၅၀ လောက်ရှိတယ်။ မြောင်မြို့ပေါ်မှာ အခြေချထားတာကလည်း ၇၀ ပတ်ဝန်းကျင်လောက်ရှိတယ်။ ပြည်သူတွေကတော့ အခုလောလောဆယ် လက်နက်ကြီးနဲ့ထုနေတော့ လွတ်ရာရှောင်နေရတာပေါ့။ သေတာက ပြည်သူ ၅ ယောက်ရှိပြီ။ ၁၁ ယောက်ဒဏ်ရာရထားတယ်။"

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အကြမ်းဖက်နေသလို မကွေးတိုင်းထဲက ကျေးရွာတွေမှာလည်း အကြမ်းဖက်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဩဂုတ်လအတွင်း မကွေးတိုင်းမှာ နေအိမ် ၁၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မကွေးဒေသခံပြည်သူတွေဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီးနောက်ပိုင်း ပစ်ခတ်မှုတွေဆက်ရှိနေတဲ့အတွက် ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ နေအိမ်မီးရှို့ခံထားရသူ  မြိုင်ဒေသခံတယောက်က ပြောပါတယ်။

"အခုလက်ရှိကတော့ ကျမတို့ရွာထဲမှာ မနေရဘူးရှင့်၊ တောထဲမှာ နေရတာ။ ရွာတွေက အကုန်မီးရှို့သွားတာဆိုတော့လေ။ မိုးမလုံ လေမလုံနဲ့ ခက်တောင့်ခက်ခဲတွေနေနေရတာ။ ခံစားရတာက အများကြီးပဲ။ ကျမတို့မှာ တောင်ယာဆိုလို့စပါးပဲရှိတာ။ စပါးတွေ အိမ်တွေ အကုန်လုံး မီးရှို့သွားတယ်ဆိုတော့ စားစရာ ဆန်ရေစပါးလည်းမရှိဘူး။ နေရတာတောထဲမှာ။ လူအိုတွေရော၊ ကလေးငယ်တွေရော အကုန်လုံး ဒုက္ခတွေရောက်နေတယ်ရှင့်။ တောကြိုကြားထဲ ချုံကြားတွေမှာ အမိုးမိုးပြီးနေရတာရှင့်။" 

စစ်ကိုင်းဒေသတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG PDF တွေနဲ့ Local PDF တွေဟာ အတိုင်းအတာတခုအထိ နယ်မြေစိုးမိုးမှု ရလာတယ်ဆိုပေမယ့် စစ်တပ်ကအင်အားသုံးပြီး ထိုးစစ်ဆင်တဲ့အခါမျိုးမှာတော့ လက်နက်ချင်းမယှဉ်နိုင်တဲ့အတွက် အခုလို ပြည်သူတွေအထိနာနေရတာပါ။ 

စစ်ကောင်စီကတော့ စစ်ကိုင်းဒေသတွင်း သတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013