DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံ၏ ဒုက္ခသည်လက်ခံရေးလုပ်ငန်းစဉ် နှေးကွေးနေ
DVB
·
September 3, 2022
ဂျပန်နိုင်ငံ၏ ဒုက္ခသည်လက်ခံရေးလုပ်ငန်းစဉ် နှေးကွေးနေ
Donate to DVB

ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်လက်ခံရေး လုပ်ငန်းစဉ်တွေဟာ အလွန်နှေးတယ်လို့ ဒုက္ခသည်များဆိုင်ရာဂျပန်နိုင်ငံအစည်းအရုံး (JAR) ရဲ့ ဥက္ကဋ္ဌ အီရီအီရှီကာဝါက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက အမည်မဖော်လိုတဲ့ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်တောင်းခံသူတယောက်ရဲ့ အမှုတွဲကို နမူနာပြပြီး ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်လက်ခံရေး လုပ်ငန်းစဉ်တွေဟာ အလွန်နှေးတယ်လို့ JAR ဥက္ကဋ္ဌ အီရီအီရှီကာဝါက ပြောတဲ့ အကြောင်း အယ်လ်ဂျာဇီးယားသတင်းမှာရေးပါတယ်။

အဆိုပါမြန်မာနိုင်ငံသားဟာ ဒုက္ခသည်အဖြစ်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်တည်းက ခိုလှုံခွင့် တောင်းခံထားတာဖြစ်ပြီး အခုချိန်ထိတရားဝင်အသိအမှတ်ပြုခံရဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

သူ့ဆီမှာ တရားဝင်အထောက်အထား ဘာမှရှိမနေတာကြောင့် ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးရဲ့ ဖမ်းဆီးမှုကို အချိန်မရွေးခံရနိုင်တယ်လို့ အီရှီကာဝါက အယ်ဂျာဇီးယားသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ သူဟာ ဘယ်လိုအာမခံ အခွင့်အရေးကိုမှ မရရှိသလို အလုပ်လုပ်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီမှာ လျှောက်လွှာတင်ထားတဲ့ ဒုက္ခသည် စုစုပေါင်း ၂၄၁၃ ဦးရှိပြီး ၇၄ ဦးကိုလက်ခံပေးခဲ့တယ်လို့သိရပါတယ်။

ဒီအရေအတွက်ဟာ မများဘူးလို့ထင်ရပေမဲ့ နှစ်စဉ်လက်ခံပေးနေတဲ့ ဒုက္ခသည်အရေအတွက်ထက်  နှစ်ဆကျော်ဖြစ်နေတာကြောင့် ဘာသာရေးဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခသည်အဖြစ်ခိုလှုံခွင့်တောင်းခံလာသူတွေအတွက်တော့ အားကိုးမျှော်လင့်စရာပဲ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ဂျပန်နိုင်ငံအစည်းအရုံး (JAR) ကနေ အခုချိန်ထိ နိုင်ငံပေါင်း ၇၀ ကျော်က နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၇၀၀၀ ကျော်ကို ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ အကူအညီလိုအပ်သူအရေအတွက် များလာနေပေမဲ့ ဒီကာလတလျှောက်မှာ  ကြွယ်ဝချမ်းတဲ့ ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်တွေအပေါ်ထားတဲ့ မူဝါဒဟာ အပြောင်းအလဲသိပ်မရှိခဲ့ဘဲ တစ်နှစ်ကို ဒုက္ခသည် အယောက် ၃၀ လောက်သာ တရားဝင်လက်ခံခဲ့ပါတယ်။ 

ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်စတင်ခဲ့ပြီးတဲ့နောက်မှာတော့ မူဝါဒ အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး ဂျပန်နိုင်ငံအတွင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ ယူကရိန်းနိုင်ငံသား ၁၉၀၀ ကျော်ရဲ့ အမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ပေးမယ်လို့ ရုရှားကျူးကျော်စစ်စတင်ပြီး ရက်ပိုင်းအတွင်းမှာ  ဂျပန်ဝန်ကြီးချုပ် ဖူမီယိုခီရှိဒါက  ကတိပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ တရားရေးဝန်ကြီး ယိုရှီဟိဆာဖူရူကာဝါကလည်း နောက်တစ်လလောက်အကြာမှာ ဘေးလွတ်ရာရွှေ့ပြောင်းလာကြသူတွေကို အစိုးရတစ်ရပ်လုံးအနေနဲ့ အနီးကပ်ထောက်ပံ့ကူညီမှုတွေ ပေးသွားဖို့ရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နှစ်ရပ်ကိုကြည့်ခြင်းအားဖြင့် ဂျပန်နိုင်ငံရဲ့ ဒုက္ခသည်များဆိုင်ရာမူဝါဒ အပြောင်းအလဲဖြစ်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနခွဲနဲ့ ပူးပေါင်းပြီး ၂၀၁၀  ပြည့်နှစ်ကနေစတင်ကာ ဒုက္ခသည်အဖြစ် လာရောက်လျှောက်ထားသူ မြန်မာနိုင်ငံသားတွေအတွက် ရှေ့ပြေးနေရာချထားရေး အစီအစဉ်တစ်ခု ဆောင်ရွက်ခဲ့ပြီး ပထမ ၃ နှစ်အတွင်းမှာ ဒုက္ခသည်အဖြစ်လျှောက်ထားသူ အယောက်  ၉၀ ကို လက်ခံခဲ့ပါတယ်။

အခုနှစ် ၂၀၂၂ ဧပြီလမှာလည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်တဲ့သူတွေကို အရေးပေါ်အခြေအနေ သတ်မှတ်ချက်တွေနဲ့ ဂျပန်နိုင်ငံအတွင်းမှာ ဆက်လက် နေထိုင်ခွင့်ပေးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီး နေရင်းနိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့တဲ့ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းသား ဂိုးသမား ပြည့်လျှံအောင်ကိုလည်း ဂျပန်အစိုးရက ၆ လ နေထိုင် အလုပ်လုပ်ခွင့် ပြုခဲ့ပါတယ်။ 

အဲဒီ အရေးပေါ်အခြေအနေသတ်မှတ်ချက်ဟာ ဂျပန်ရဲ့ ဒုက္ခသည်များဆိုင်ရာသဘောတူစာချုပ်ကို အခြေခံလုပ်ဆောင်တာဖြစ်ပြီး အရေးပေါ်အခြေအနေအရ နေထိုင်နေသူတွေဟာ ယာယီ တရားဝင်နေထိုင်ခွင့်နဲ့  တပတ်ကို ၂၈ နာရီနဲ့ ၆ လ ဒါမှမဟုတ် ၁ နှစ် တရားဝင် အလုပ်လုပ်ခွင့် ရှိပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံအတွင်း   ဒီလိုအခြေအနေနဲ့ နေထိုင်နေသူ အရေအတွက် ၃၆၀၀ လောက်ရှိတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိမ်နင်းမှုတွေရှိနေပေမဲ့ UNHCR ရဲ့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်နဲ့မှ မဟုတ်ရင်  ဂျပန်နိုင်ငံအနေနဲ့  နိုင်ငံရပ်ခြားက မြန်မာဒုက္ခသည်တွေကို  လက်ခံခေါ်ယူတာမရှိပါဘူး။    

ဗီယက်နမ်စစ်ပွဲအပြီး ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာညီလာခံမှာ ပါဝင်လက်မှတ်ထိုးပြီးနောက်ပိုင်း ဂျပန်ဟာ တခြားဖွံ့ဖြိုးပြီးသောနိုင်ငံတွေက လက်ခံပေးသလို ဒုက္ခသည်အမြောက်အမြားကို လက်ခံပေးခဲ့ခြင်းမရှိဘဲ အရေအတွက်အနည်းငယ်ကိုသာ ပုံမှန် လက်ခံပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဒုက္ခသည်တွေကို လက်ခံတဲ့နှုန်း လျော့ကျလာခဲ့ပြီး အခုနှစ်အတွက် ဒုက္ခသည် ၁၅,၀၀၀ ကျော်ကို လက်ခံပေးပြီးခဲ့ပြီဖြစ်ပါတယ်။

ယူကေနိုင်ငံကလည်း နှစ်စဉ် ဒုက္ခသည် ၁၀,၀၀၀ လောက်ကို လက်ခံပေးနေပြီး ဥရောပရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီတို့ကလည်း ဒုက္ခသည် ၁၀,၀၀၀ ဝန်းကျင်ကိုနှစ်စဉ် လက်ခံနေပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကို ၂၀၂၁ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၄၀ လှူခဲ့တဲ့ ဂျပန်ဟာ တတိယမြောက်အများဆုံး အလှူရှင်နိုင်ငံဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013