DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံအတွက် အေဂျင်စီတခု တလလျှင် လုပ်သား ၁၅ ဦးသာ အလုပ်ခေါ်စာတင်ခွင့်ပေး
DVB
·
March 23, 2025
ဂျပန်နိုင်ငံအတွက် အေဂျင်စီတခု တလလျှင် လုပ်သား ၁၅ ဦးသာ အလုပ်ခေါ်စာတင်ခွင့်ပေး
Donate to DVB

ဂျပန်နိုင်ငံကို အလုပ်သမား စေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့ တလကို အလုပ်သမား ၁၅ ယောက်စီ အတွက်ပဲ အလုပ်ခေါ်စာတင်ခွင့်ပေးတော့မယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အေဂျင်စီတွေအနေနဲ့ ဂျပန်နိုင်ငံကို လုပ်သားစေလွှတ်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်မတိုင်မီက စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ခေါ်စာတွေမှာ လူဦးရေ ၁၅ ယောက်ထက်ပိုရင် အဲဒီအလုပ်ခေါ်စာတွေကို ၁၅ ယောက်နဲ့ ပြန်လည်ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။

ပြင်ဆင်ထားတဲ့ အလုပ်ခေါ်စာကို  မတ် ၂၅ ရက်ကစလို့ တင်ပြရမှာဖြစ်ပြီး အေဂျင်စီတခုကို တလ ၁ ကြိမ်ပဲ တင်ပြရမယ်လို့ အသိပေးထားပါတယ်။

ဂျပန်နိုင်ငံအတွက် အလုပ်ခေါ်စာအသစ်တွေကိုတော့ မေ ၂ ရက်ကစပြီး လက်ခံ ဆောင်ရွက်ပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက မတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံဆီ အလုပ်စေလွှတ်ရေးလုပ်ငန်းစဉ်ကို ထုတ်ပြန်ခဲ့ပြီး အေဂျင်စီတခုကို တလ အလုပ်ခေါ်စာ ၅၀ ပဲ တင်ခွင့်ပေးမယ်လို့ ကန့်သတ်အသိအပေးခဲ့တာပါ။

အခုလို ကန့်သတ်လိုက်တာကြောင့် အေဂျင်စီတွေတင်မကဘဲ အလုပ်သမားတွေပါ နစ်နာကြရတယ်လို့ အဲဒီ လုပ်ငန်းအသိုင်းဝိုင်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က “အလုပ်ခေါ်စာ ရရင်ရသလောက် လွှတ်ခွင့်မရတော့ သွားရောက်လုပ်ကိုင်ခွင့်ရဖို့ စောင့်ရချိန်တွေ ပိုကြာတော့မှာ။ အလုပ်သမား ၁၅၀ လွှတ်ဖို့အတွက်ဆို အချိန် ၁၀ လ ပေးရမယ့်သဘောဖြစ်သွားမှာ” လို့ ပြောပါတယ်။

အဲဒီလို စေလွှတ်ခွင့်ဦးရေ ကန့်သတ်ချက်ကြောင့် တဖက်ကအလုပ်ရှင်ကလည်း အချိန်ပေးနိုင်ဖို့ မသေချာဘူးလို့ ဂျပန်ရောက်မြန်မာလုပ်သားတယောက်က ဆိုပါတယ်။

“ဘယ်တော့မှ ရောက်လာမယ်မှန်းမသိတဲ့ အလုပ်သမားကို အလုပ်ရှင်က စိတ်ရှည်လက်ရှည် စောင့်ပေးပါ့မလားဆိုတာ မပြောနိုင်ဘူး။ ကြာရင် ပြည်ပနိုင်ငံတွေက မြန်မာလုပ်သားခေါ်ဖို့ကို စိတ်ပျက်သွားနိုင်တယ်”

စစ်ကောင်စီက ဖေဖော်ဝါရီလလယ်ပိုင်းက ပြည်ပအလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်တွေကို သုံးသပ်တာတွေလုပ်ခဲ့ပြီး အခုအခါမှာ ပြည်ပထွက် အလုပ်လုပ်ခွင့်တွေကို တင်းကျပ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းနဲ့ ဂျပန်ကို စေလွှတ်မယ့် အလုပ်သမားတွေအတွက် အလုပ်စာတင်ခွင့် ဦးရေကန့်သတ်လာပြီး တခြားနိုင်ငံတွေအတွက်လည်း အလားတူ ထုတ်ပြန်ချက်ထွက်လာဖို့ ရှိနေပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်ရှိပြီး စစ်ကောင်စီရဲ့ ပြည်ပလုပ်သားစေလွှတ်ရေး တင်းကျပ်တာနဲ့ မူဝါဒမတည်ငြိမ်တာတွေကြောင့် အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေ စိတ်ပျက်နေကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013