
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်တလုံးကို သြဂုတ် ၃၁ ရက်၊ ည ၉ နာရီခွဲလောက်က ဓားပြဝင်တိုက်ပြီး ရွှေထည်နဲ့ ငွေသားတချို့ ယူသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးချစ်စန်းမောင် ဦးဆောင်တဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၁၀ ယောက်ကျော်က ဆိုင်ကယ် ၅ စီး၊ ကားငယ်တစီးနဲ့ ရွာထဲဝင်လာပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ ဦးမောင်သိန်းဝင်း နေအိမ်ထဲကို တံခါးဖျက်ဆီး ဝင်ရောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓားပြတိုက်ခံရတဲ့ မိသားစုနဲ့ နီးစပ်တဲ့ ရွာခံတယောက်က “အိမ်ထဲရောက်တာနဲ့ လူတွေကို သေနတ်နဲ့ချိန်တယ်။ ပြီးရင် သူတို့က PDF အဖွဲ့ဆိုပြီး ပြောတယ်။ ကိုယ်မှာဝတ်ထားတဲ့ လက်ဝတ်လက်စားတွေရော ဗီရိုထဲက ရွှေနဲ့ ပိုက်ဆံတွေပါ ယူသွားတာ” လို့ ပြောပါတယ်။
ပျူစောထီးတွေက အဲဒီလို ဓားပြဝင်တိုက်စဥ် သေနတ် ၁၀ ချက်လောက် ပစ်ဖောက်ခဲ့တာရှိပြီး ပတ်ဝန်းကျင်က နေအိမ်တွေကိုလည်း ကိုယ်နဲ့မဆိုင်ရင် ဝင်မပါကြဖို့ နာမည်တပ်ခေါ် အော်ဟစ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဓားပြတိုက်ခံရလို့ နေအိမ်ရှိ ရွှေ ၃၀ ကျပ်သားနဲ့ ငွေသား ကျပ် သိန်း၁၀၀ လောက် ပါသွားတယ်လို့ ရွာခံတချို့ ပြောကြပေမဲ့ ဆုံးရှုံးမှုတန်ဖိုးနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိပါဘူး။
ညောပြင်ကျေးရွာကနေ ၃ မိုင်လောက်သာဝေးတဲ့ ကျောက်နီမော်ကျေးရွာမှာ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၂၀ နီးပါးရှိပြီး ငါးဖမ်းလှေတွေမှာ ဆက်ကြေးကောက်တာ၊ ရွာထဲ လောင်းကစားဝိုင်းထောင်ပြီး ပိုက်ဆံကောက်တာတွေ ပြုလုပ်လေ့ရှိတဲ့အပြင် လမ်းသွားလမ်းလာတွေကိုလည်း မကြာခဏ တားဆီးစစ်ဆေးလေ့ ရှိပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာ အခုနှစ် ဧပြီလနောက်ပိုင်း နေအိမ် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် အနည်းဆုံး ၇ ကြိမ်လောက်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကတော့ အဲဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး တစုံတရာ စုံစမ်းစစ်ဆေးတာမျိုး လုပ်လေ့မရှိပါဘူး။