
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်မှာ ဩဂုတ် ၃၀ ရက် ညက ဒေသခံတယောက်ရဲ့နေအိမ်ကနေ ဆိုင်ကယ်၊ ရွှေ၊ ငွေနဲ့ ဆီပုံးတွေကို သေနတ်သမားတွေက ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဩဂုတ် ၃၀ ရက် ည ၁၀ နာရီခွဲလောက်က ပဒေသာစားသောက်ဆိုင် အနောက်တလမ်းကျော် လမ်းဒေါင့်ကနေအိမ်ကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက်လာပြီး အဆိုပါအိမ်မှာနေထိုင်တဲ့ သားအဖနှစ်ယောက်ကို ဓားပြတိုက်တဲ့အဖွဲ့က သေနတ်တွေနဲ့ ချိန်ထားပြီး ပစ္စည်းတွေ ယူသွားတာ ဖြစ်ပါတယ်။
တမူးမြို့ခံတဦးက “သားအဖနှစ်ယောက်တည်း ရှိတဲ့အိမ်ကို လူ ၆ ယောက်လောက် သေနတ်တချက်ဖောက်သွားပြီး ဆိုင်ကယ်နှစ်စီး၊ ငွေနဲ့ ရွှေအနည်းအကျဉ်းနဲ့ ဆီပုံးတွေပါ တိုက်သွားတယ်။ သူတို့အိမ်က ဈေးရောင်းတာ၊ ဖုန်း ၃ လုံးလည်း ပါသွားတယ်”လို့ ပြောပါတယ်။
အဲ့ဒီဓားပြတိုက်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
တမူးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုတွေ များပြားလာပြီး အဲ့ဒီဓားပြတိုက်တဲ့အမှုတွေကို စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေက လာရောက်စုံစမ်းစစ်ဆေး အရေးယူတာလည်း မရှိဘူးလို့ မြို့ခံတွေကပြောပါတယ်။
တမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီက တမူးမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာ ၆ လ လောက်ရှိပြီ ဖြစ်ပါတယ်။