DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် တနှစ်ခွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူ ၂၆၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်
DVB
·
September 1, 2022
ကရင်နီဒေသတွင် တနှစ်ခွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူ ၂၆၀ ကျော်ကို အကြမ်းဖက် သတ်ဖြတ်
Donate to DVB

စစ်အာဏာသိမ်းပြီး တနှစ်ခွဲအတွင်း ကရင်နီ (ကယား) ပြည်နယ်မှာ အရပ်သား ပြည်သူ ၂၆၁ ယောက် သတ်ဖြတ်ခံခဲ့ရပြီး စစ်ရှောင်ရင်းသေဆုံးသွားသူ ၆၁ ယောက်ရှိတယ်လို့  တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က စက်တင်ဘာ ၁ ရက်  ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ အရပ်သား ပြည်သူအများစုဟာ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးတာတွေ အများစုဖြစ်တယ်လို့ PKPF ပြောခွင့်ရသူက ပြောပါတယ်။

“အသတ်ခံရတဲ့ ၂၆၁ ယောက်က စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်တာရယ်၊ နောက်ပြီးတော့ လက်နက်ကြီးထိမှန်သေဆုံးတာရယ်၊ အဓိက အဲဒီအကြောင်းအရင်းတွေ။ ပြီးတော့ လေကြောင်း တိုက်ခိုက်မှုကြောင့်လည်းပါတယ်။”

သေဆုံးသွားတဲ့ စစ်ရှောင်အများစုဟာ ရောဂါကြောင့်ဖြစ်ပြီး အချိန်မီ ဆေးဝါး မကုသနိုင်လို့ သေဆုံးရတာလို့ ဆိုပါတယ်။

“စစ်ရှောင်တွေအဓိက သေဆုံးတာက ဆေးဝါးမလုံလောက်မှုကြောင့်၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ စစ်ရှောင်တွေမှာ လိုအပ်တဲ့ဆေးဝါးမရှိတာရယ်၊ နောက်ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်လှမ်းမမှီတာလည်းပါတယ်။ ဆေးဝါးမလုံလောက်တာလည်း ပါတယ်။”လို့  PKPF ပြောခွင့်ရသူက ပြောပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ  ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ  ကရင်နီ(ကယား) ပြည်နယ်မှာ တိုက်ပွဲပေါင်း  ၄၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ၁၅၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့်  ဘာသာရေးအဆောက်အဦ ၂၅ လုံး၊  လူနေအိမ် ၁၁၈၀ လုံးပျက်စီးခဲ့ရပြီး အများဆုံးက  ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့နယ်တွေက အများစုဖြစ်ပါတယ်။

PKPF ပြောခွင့်ရသူက  “အိမ်ပျက်တာကတော့ အဓိက ဒီးမော့ဆိုနဲ့ လွိုင်ကော်၊ ဖယ်ခုံတို့ဘက်က အဓိက ပျက်တာပေါ့။ ဘုရားကျောင်းတွေကတော့ အဓိက ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို၊ ဖယ်ခုံဘုရားကျောင်းတွေ ပျက်စီးတယ်။”လို့ပြောပါတယ်။

တနှစ်ခွဲကာလအတွင်းတိုက်ပွဲတွေကြောင့် ကရင်နီပူးပေါင်းတပ်တွေဖြစ်တဲ့  KNDF၊ PDF၊ KA တပ်ဖွဲ့ဝင် ၁၅၁ ဦးသေဆုံးခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က ၁၄၉၉ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေးနဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၂၆၁ ဦးရှိပြီး  အမိန့်ချိန်ခံရပြီးသူ ၁၄၁ ဦး ရှိကြောင်း PKPF ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်မှာ  ၂၀၂၁ ခုမေလလယ်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့အကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ ဒီကနေ့အထိ နေ့စဉ် ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး လူပေါင်း ၂ သိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဒေသခံတွေ စစ်ရှောင်နေရတာ ၁ နှစ်ကျော်ကြာလာသလို လယ်ယာစိုက်ပျိုးလို့မရတော့တာ။ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာတာကြောင့် တချို့စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်တော့တဲ့အတွက် ထမင်းနပ်မှန်အောင် မစားရတဲ့သူတွေ ရှိလာနေပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013