DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ထိုင်းရောက်မြန်မာကျောင်းသားများ အခက်ကြုံ
DVB
·
September 1, 2022
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ထိုင်းရောက်မြန်မာကျောင်းသားများ အခက်ကြုံ
Donate to DVB

ထိုင်းဘတ်ငွေနဲ့လဲလှယ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ အဆင်မတန်ထိုးကျသွားတာကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသားအများစုဟာ ငွေကြေးဆိုင်ရာစိုးရိမ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်အများစု ဖွင့်ရာအချိန်ကာလဖြစ်တဲ့ ဩဂုတ်လဆန်းမှာ ငွေလဲလှယ်မှုစျေးနှုန်းဟာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၁၃၈၀ ဝန်းကျင်ရှိခဲ့ပြီး ယခု ဩဂုတ်လကုန်မှာ မြန်မာကျပ်ငွေ တသိန်းကို ထိုင်းဘတ်ငွေ ၉၀၀ အောက်အထိ တဟုန်ထိုး ကျဆင်းလာခဲ့တာပါ။

ထိုင်းနိုင်ငံဟာ ကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့အပြင်  လုပ်ငန်းခွင်မှာ ထိုင်းဘာသာစကားကို အဓိကအသုံးပြုနေတာကြောင့် မြန်မာကျောင်းသားတွေ အလုပ်အကိုင်ရရှိနိုင်ဖို့ ခက်ခဲနေကြပြီး ဆက်လက်ပညာသင်ယူနိုင်ဖို့ကို အခက်အခဲတွေ ကြုံနေရတာကြောင့် စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တခုမှာ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနဲ့ လာရောက် ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားတဦးက “ငွေစျေးတွေတက်တော့ Scholarship ရပေမဲ့ အရင်က ပေးရတဲ့ ကျောင်းလခနဲ့ အတူတူပဲဖြစ်သွားတယ်။ အရင်ကဆို မြန်မာငွေ ၁၇ သိန်းခွဲလောက်သွင်းရရင် အခုဆို အဲ့နှစ်ဆ နီးနီးလောက်သွင်းရတော့ Scholarship   ရတာအလကားဖြစ်သွားသလိုပဲ။ ကျနော့် သူငယ်ချင်းတယောက်လည်း မနေ့က ငွေလဲဖို့ စျေးမေးတာ တသိန်းကို ဘတ်တထောင် လောက်ပဲရလို့ မလဲလိုက်တာ။ ဒီနေ့ကျတော့ ၉၀၀ ကျော်ပဲရတော့တယ်။ ဘတ်စျေးက အထိမခံ၊ ရွှေပန်းကန်အတိုင်းပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဋိပက္ခတွေ၊ ဒုစရိုက်မှုတွေနဲ့ မတည်ငြိမ်တဲ့ နိုင်ငံတွင်းအခြေအနေတွေကြောင့် နိုင်ငံအတွင်းက ကျောင်းတွေမှာ ဆက်လက်ပညာသင်ယူဖို့အခက်အခဲတွေ့နေကြတဲ့ လူငယ်တွေဟာ ပြည်ပတက္ကသိုလ်ကျောင်းတွေက ပညာသင်ဆု မျှော်လင့်နေကြပြီး အခုလို တဟုန်ထိုးကျဆင်းနေတဲ့ ငွေကြေးစျေးနှုန်းတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက်ပညာသင်ယူနိုင်ဖို့နဲ့ မိဘတွေ ထောက်ပံ့နိုင်မှုအားနည်းလာတာကြောင့် ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေကြရပါတယ်။

အခုကြုံတွေ့နေရတဲ့ အချိန်ကာလဟာ မြန်မာကျောင်းသားတွေအတွက် အခက်အခဲဆုံးနဲ့ ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြရတဲ့ အချိန်ကာလဖြစ်ပြီး အခက်အခဲတွေကြားက ရုန်းကန်ကြိုးစား ပညာရှာနေကြရတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ကာလကစပြီး စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ကာ ပြည်ပမှာ ပညာသင်ယူဖို့ထွက်ခွါနေကြတဲ့ လူငယ်တွေ တစတစ မြင့်တက်လာပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်ပညာသင်သူပမာဏအများဆုံးဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013