Home
မြန်မာသတင်း
ခမောင်းဆိပ်ဗျူဟာကုန်းနှင့် နယ်ခြားမှတ်တိုင်အမှတ် (၄၀) စစ်ကောင်စီတပ်စခန်းကို အေအေသိမ်းပိုက်
DVB
·
September 1, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့အနီးရှိ စစ်ဗျူဟာကုန်းနဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်ခြား မှတ်တိုင်အမှတ် ၄၀ စစ်စခန်းကို သြဂုတ် ၃၁ ရက်မနက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ကြေညာပါတယ်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲဝင်တွေ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးတဲ့ ဒုတပ်ကြပ် သက်ကိုဦး  တစ်ယောက်ကလွဲလို့  “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် စုစုပေါင်း၁၉ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေအတွင်း အေအေရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေလည်း စခန်းအတွင်းမြှုပ်နှံထားတာတွေ့ခဲ့ရတယ်လို့ အေအေထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း အေအေတပ်ဖွဲ့တချို့လည်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့ပါတယ်။

အေအေနဲ့ နီးစပ်တဲ့သူတစ်ဦးက "ဒီနေ့ မနက် ၇ နာရီမှာ ခမောင်းဆိပ်စစ်ဗျူဟာကို အေအေ ကသိမ်းပိုက်ပြီး လေကြောင်း မလာခင် ပြန်နောက်ဆုတ်သွားခဲ့တယ်။ အေအေက စခန်းတွေကိုသိမ်းပြီး စခန်းတွေမှာ အထိုင်နေတာမရှိဘူး။"လို့ ပြောပါတယ်။

ခမောင်းဆိပ်စစ်ဗျူဟာကို အေအေ ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်  စစ်ကောင်စီတပ်က တိုက်လေယာဥ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ခမောင်းဆိပ် ဗျူဟာကုန်းကို သြဂုတ် ၂၆ ရက် ည ၃ နာရီကစပြီး အေအေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် အမှတ် (၃၇) မှ မှတ်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်ရှိ လက်ပန်တောင်ဒေသကို စစ်ကောင်စီဘက်က ပိတ်ဆို့ ဖြတ်တောက် ထားသလို အေအေဘက်ကလည်း စစ်ကောင်စီ စခန်းတချို့ကို ပိတ်ဆို့ဖြတ်တောက်ထားပါတယ်။

စစ်ကောင်စီတပ် နခခ(၇)က ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈) နဲ့ (၃၉) အကြားနေရတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေသလို တခြား တပ်စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့  နေ့တိုင်းပစ်ခတ် တိုက်ခိုက်နေပါတယ်။

သြဂုတ် ၂၆ ရက်ကစပြီး  စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ဂျက်တိုက် လေယာဉ်တွေနဲ့ အေအေတပ်ဖွဲ့တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့  စစ်ကောင်စီရဲ့ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အထိုင်ချ အခိုင်အမာစခန်းကို သြဂုတ် ၃၁ ရက်  မနက် ၉ နာရီ ၁၃ မိနစ်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူခဲ့တာဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း သြဂုတ် ၃၀  ရက်၊ ညနေ ၆ နာရီခွဲကျော်လောက်က မညင်းတောင်ရွာ ကားလမ်းမအနီးတပ်ဖွဲ့ဖြစ်ပွားပြီး နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မြောက်ဦးဘက်မှာလည်း သြဂုတ် ၂၈ ရက်က  ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀)   စစ်ကောင်စီတပ်တွေက ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီစတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၅  နှစ်အရွယ် မောင်မြတ်သူလင်း၊ ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး  ရွာသား ၉ ယောက်  ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း သြဂုတ် ၃၁  ရက်၊ နေ့လယ် ၂ နာရီ မိနစ် ၄၀ လောက်မှာ မြိတ်ဝကျေးရွာအနီး အေအေတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက် ကျဆုံးခဲ့ပါတယ်။

ခမောင်းဆိပ်စစ်ဗျူကို အေအေက သိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီက အထူးစစ်ဆင်ရေးပြုလုပ်သွားဖို့ရှိတဲ့အတွက် ကျေးရွာ ၂၀ ကျော်လောက်က ရွာသား ၁၀၀၀ ကျော်နဲ့ ဝန်ထမ်းတွေ နေရပ်စွန့်ခွာထွက်ပြေးလာကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးလာကြသူတွေဟာ ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သက်ကိုင်ညာ၊ နန်ရာကိုင်း၊ တမန်းသား၊ ခုံတိုင်၊ သစ်တုံးနားခွဆုံ၊ ငါးခူရ၊ စံပယ်ပင်ရင်း၊ ခြံပြင်၊ ကြိမ်ချောင်း၊ ရွက်ညိုးတောင်၊ ကြောင်နဘေ၊ ဝေလာ၊ သုပ္ပဏကစတဲ့ကျေးရွာတွေက ရွာသားတွေဖြစ်ပြီ မောင်တောမြို့ပေါ်ရှိ ဆွေမျိုးတွေနဲ့ စစ်တွေ၊ အစရှိတဲ့ မြို့တွေကို ထွက်ပြေးခိုလှုံနေတာလည်း ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ မင်းခမောက်ရွာသား ဝန်ထမ်းတဦးက "ခမောင်းဆိပ်မှာ တိုက်ပွဲက ပြင်းလာနေတယ်။ လေယာဥ်နဲ့ နေတိုင်းဗုံးကြဲတိုက်ခိုက်လာတယ်။ စားနပ်ရိက္ခာကလည်း မရှိတော့။ မနေရဲ့လို့ ထွက်ပြေးလာတာ။"လို့‌ ပြောပါတယ်။

ခမောင်းဆိပ်ကျေးရွာသားတစ်ဦး “ကြိမ်ချောင်း ၂၄ စစ်ဆေးဂိတ်က ဒီနေ့ တစ်ရက်တည်း သွားခွင့်ပြုထားတာ။ ပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံကျေးရွာ သူကျေးရွာသားတွေကို သွားခွင့်ပြုတာ။ သွားချင်တဲ့သူသွားကြ မနက်ဖြန်ကစပြီး သွားလာခွင့် လုံးဝမရှိဘူးလို့ပြောတယ်။"လို့ ပြောပါတယ်။

လက်ရှိ မောင်တောခရိုင် စစ်ကောင်စီက စီးပွားရေးသမားတွေထံကနေ  စစ်ဘေးဒုက္ခတွေ အတွက်ငွေကြေးကောက်ခံနေတယ်လို့   စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

နေရပ်စွန့်ခွာထွက်ပြေးလာတွေနေထိုင်တဲ့  ကျေးရွာ၊ ရပ်ကွက်တွေရှိ  နေအိမ်တွေ စာရင်းကိုလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ခိုင်းထားတယ်လို့ စီးပွားရေးသမား ရပ်ကျေးအုပ်ချုပ်ရေးမှူး တယောက်က ပြောပါတယ်။

"စစ်ဘေးရှောင်တွေအတွက်ဆိုပြီး ခရိုင်အုပ်ချုပ်ရေး အမိန့်နဲ့  ကျနော်တို့ စီးပွားရေးသမား တွေဆီကနေ နယ်စပ်ကုန်သွယ်ရေးက ငွေကြေးကောက်နေတာရှိတယ်။ ကျေးရွာ၊ရပ်ကွက်တွေမှာ မောင်တောမြောက်ပိုင်းက နေရပ်စွန့်ခွါပြီးထွက်ပြေးလာသူတွေ နေထိုင်နေတဲ့ နေရာတွေကို မြိုနယ်ထွေအုပ်က စာရင်းကောက်ဖို့ခိုင်းထားတယ်။”

ရခိုင်ဒေသမှာ အေအေတပ်နဲ့ စစ်ကောင်စီတပ်တို့  သြဂုတ် ၂ ရက်တည်းက တိုက်ပွဲတွေ နေ့စဉ်နေ့တိုင်းလိုလို ပြန်လည်ဖြစ်ပွားနေတာ အခုဆိုရင် အချိန် တလလောက် ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမောင်တောမြောက်ပိုင်းနေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲတွေထပ်မံဖြစ်ပွားလာနိုင်ပြီး  ခမောင်းဆိပ် စစ်ဗျူဟာကုန်း သိမ်းလိုက်တာကြောင့်လည်း တိုင်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024