
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီကား ၁၃ စီးပါ ယာဉ်တန်းကို သြဂုတ် ၃၁ ရက် မနက် ၆ နာရီက မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ရေး PDF တွေက ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သံဖြူဇရပ်မြို့ကနေ ရေးဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ် ၁၃ စီးကို အေးကမ္ဘာရွာနဲ့ ဘေးလမိုင်းရွာကြားမှာ ချုံခို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ကို ပစ်ခတ်နေစဉ် ခရီးသွားတွေ သတိရှိကြဖို့ စစ်ကောင်စီကားနဲ့အတူ မသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ ရှိတာကြောင့် ပတ်ဝန်းကျင်က ကျေးရွာဒေသခံတွေမှာ စစ်တပ်ဘက်က အန္တရာယ်ပြုလာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံရွာသားတယောက်က ဆိုပါတယ်။
ရေး PDF တွေဟာ ရေး-မော်လမြိုင် ကားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ကားတန်းတွေကို မကြာခဏ ချုံခြိုတိုက်ခိုက်ခဲ့ရာမှာ ဒီနေ့အထိ စစ်ကောင်စီဘက်က ဒါဇင်နဲ့ချီ အထိအခိုက် အကျအဆုံး များနေပါတယ်။
အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးဌာနဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။