DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ ဒေသခံ ၅၀၀ ကျော် ထွက်ပြေးနေရ
DVB
·
August 31, 2022
ရခိုင်တွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်၊ ဒေသခံ ၅၀၀ ကျော် ထွက်ပြေးနေရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားနယ်စပ်မှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ သြဂုတ် ၃၁ ရက် မနက် ၆ နာရီကစပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“မနက် ၆ နာရီကတည်းက တိုက်နေကြတာ။ စစ်ကောင်စီက လက်ပံတောင်ကို ထိုးစစ်အလုံးအရင်း ဆင်နေတော့ အေအေဘက်ကလည်း ခမောင်းဆိပ်ဗျူဟာကို ပြန်ထိုးစစ်ဆင်တဲ့သဘော ရှိနေတယ်။ စစ်ကောင်စီ မခုခံနိုင်လို့ လေကြောင်းက လာတိုက်နေတယ်။ အခုထိဖြစ်နေကြတုန်းပါ” လို့ ပြောပါတယ်။

လက်ပံတောင်ကြောတိုက်ပွဲမှာ စစ်ကောင်စီဘက်က သြဂုတ် ၃၁ ရက် မနက် ၁၀ နာရီ ၂၀ မှာ တိုက်လေယဉ်တစီး၊ ၁၀ နာရီ ၄၀ မှာတစီး၊ စုစု‌ပေါင်း ၂ စီးနဲ့ စစ်ကူလာပြီး ဗုံးကြဲတိုက်ပေးခဲ့ကြောင်း ဒေသခံတွေက အတည်ပြု ပြောပါတယ်။

မျက်မြင်ဒေသခံတယောက်က “တိုက်ပွဲက တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်နေကြတာပါ။ အေအေဘက်က ဗျုဟာကုန်းကို အလုံးအရင်းနဲ့ ဝင်တိုက်တာ။ လေကြောင်းပစ်ကူလည်း ထိုးစစ်ဆင်နေကြတုန်းပါ” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက် ည ၃ နာရီကစပြီး အေအေက အင်အားအလုံးအရင်းနဲ့ ခမောင်းဆိပ် ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က အယောက် ၄၀ ခန့် ကျဆုံးခဲ့ပြီး အေအေဘက်ကလည်း ၈ ယောက်ထက်မနည်း ကျဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီခြားအတည်ပြုလို့ မရနိုင်သေးပါဘူး။

စစ်ကောင်စီလေတပ်က တိုက်လေယာဥ် ၂ စီးနဲ့ သြဂုတ် ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ကျော်မှာတကြိမ်၊ သြဂုတ် ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ကျော်မှာ တကြိမ်၊ သြဂုတ် ၃၀ ရက် နေ့လယ် ၁ နာရီခွဲမှာ တကြိမ်နဲ့ ဒီနေ့ သြဂုတ် ၃၁ ရက်နေ့ကလည်း လာရောက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဘူးသီးတောင်-ရသေ့တောင် လမ်းမှာ သြဂုတ် ၃၀ ရက် ညကစပြီး စစ်ကောင်စီနဲ့ အေအေ တိုက်ပွဲပြန်ဖြစ်နေပြီး သြဂုတ် ၃၁ ရက် ဒီနေ့မှာ ရိက္ခာလာယူတဲ့ စစ်ကောင်စီစစ်ကြောင်းကို အေအေဘက်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ အေအေနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူ ဒေသခံတယောက်က ပြောပါတယ်။

“တိုက်ပွဲက မနေ့ညကတည်းက ဖြစ်နေကြတာ။ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားက မညင်းတောင်ကျေးရွာအနီးမှာ ဖြစ်ကြတာ။ ဒီနေ့မနက်မှာ မညင်းတောင်စခန်းကနေ ကုလားချောင်းကို ရိက္ခာဆင်းယူတဲ့ စစ်ကြောင်းကို အေအေက ခြုံခိုတိုက်ခိုက်တာ။ စစ်သား ၄ ဦး ကျသွားတယ်လို့ သိရပါတယ်။ အေအေဘက်ကတော့ ကျတာမရှိဘူး။”

အဆိုပါ စစ်သား ၄ ယောက် ကျဆုံးသွားတာနဲ့ပတ်သက်ပြီး အေအေနဲ့ စစ်ကောင်စီ နှစ်ဖက်လုံးက ထုတ်ပြန်တာ မရှိသေးပါဘူး။

ဘူးသီတောင်-ရသေ့တောင်စပ်ကြား မညင်းတောင်ကျေးရွာအနီးမှာလည်း သြဂုတ် ၃၀ ညနေ​ ၆ နာရီခွဲကနေ ညနေ ၇ နာရီကျော်ထိ တိုက်ပွဲဖြစ်ခဲ့ကြပြီး ဒီနေ့မနက်မှာတော့ စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခံရကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း၊ မေယုမြစ်ထဲက စစ်ကောင်စီ ဇက်ရေယာဉ်က လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မေယုမြစ်ထဲက ဇက်က မနေ့ညကတည်းက လက်နက်ကြီးလှမ်းပစ်နေတာ။ ဒီနေ့မနက် ပိုဆိုးလာတယ်။ ဒါကြောင့် ရွာသူ၊ ရွာသားတွေအားလုံး ထွက်ပြေးနေကြရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့ ကျေးရွာများမှာ ပြိန်းတော၊ ဗောဓိကုန်း၊ ကုန်တန်း၊ သမီးလှ၊ ရေစိုးချောင်း၊ ရေမျက် အစရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသခံ ၅၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်ကစပြီး ဘူးသီးတောင်-ရသေ့တောင် လမ်းမှာ စစ်ကောင်စီနဲ့ အေအေ တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ရပ်နားခဲ့ကြကာ အခုတဖန် တိုက်ပွဲတွေ ပြန်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013