DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၈ ဦးထဲ မြန်မာ ၁ ဦးပါဝင်
DVB
·
August 31, 2022
ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၈ ဦးထဲ မြန်မာ ၁ ဦးပါဝင်
Donate to DVB

ကိုဗစ်-၁၉ အရေးပေါ်ကာလ တိုးမြှင့်ထားတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂၈ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁ ယောက် ပါဝင်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ မြန်မာနိုင်ငံသား ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိဘဲ သေဆုံးသူတွေရဲ့ အသက်အပိုင်းအခြားကတော့ ၁ နှစ်ကနေ ၉၀ အထိ ပါဝင်ကာ တရက်တည်း ရောဂါကူးစက်မှုအသစ်ကတော့ အယောက် ၂,၂၄၀ ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ရက်ကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၉၄ ယောက်သာ ရှိခဲ့တာမို့ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး သေဆုံးသူကတော့ အရင်တနေ့က ၂၇ ယောက်ရှိခဲ့တာပါ။

လတ်တလော ဆေးကုသမှုခံယူနေသူ အရေအတွက်ကတော့ ၁၅,၇၅၄ ယောက်ရှိနေပြီး အဲဒီထဲက ၇၆၅ ယောက်ကတော့ အဆုတ်ယောင်ရောဂါခံစားနေရပြီး ၃၈၄ ယောက်ကတော့ အသက်ရှူစက် အကူအညီရယူနေရတဲ့ ပြင်းထန်လူနာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၁,၉၁၇ ယောက်ရှိနေပြီး ရောဂါကူးစက်သူအသစ် ၂,၂၀၀ ကျော်ကတော့ အားလုံး ပြည်တွင်းကူးစက်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်း ကိုဗစ်-၁၉ ကူးစက်မှု စတင်ချိန်ကတည်းက ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၆၅ သန်းကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဒသမ ၄၂ သန်းကျော်ကတော့ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေဖြစ်ကာ လတ်တလောအချိန်ထိ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၄ ဒသမ ၆၀ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသူစုစုပေါင်း ၃၂,၃၀၃ ယောက် ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁၀,၆၀၅ ယောက်ကတော့ အခုနှစ်အတွင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် အချိန် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ အိမ်နီးချင်း ၄ နိုင်ငံက နယ်စပ်တံခါးပေါက်တွေကို ပြီးခဲ့တဲ့ မေ ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပြီး နိုင်ငံတကာလေဆိပ်တွေမှာ Test & Go စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကာ ဝင်ရောက်ခွင့်ပြုလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း ပြီးခဲ့တဲ့မေလထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကန့်သတ်ထိန်းချုပ်ပြီး ပြန်လည် ဖွင့်လှစ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်တုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကာလကို လာမယ့် စက်တင်ဘာလကုန်ထိ ၂ လထပ်မံတိုးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို ဆက်လက်တပ်ဆင်ထားသင့်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၆၀၇ ဒသမ ၄၂ သန်းကျော်၊ သေဆုံးသူပေါင်း ၆ ဒသမ ၄၉ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူ စုစုပေါင်း ၅၈၃ ဒသမ ၄၆ သန်းကျော် ရှိနေတာပါ။

ရောဂါကူးစက်မှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဘရာဇီး၊ ဂျာမနီနိုင်ငံတွေဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၂၉ နေရာမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013