DVB Logo
Home
Lead Story
မင်းအောင်လှိုင် နေပြည်တော်မှာပဲ ဂူအောင်းနေရပြီလား
DVB
·
August 31, 2022
မင်းအောင်လှိုင် နေပြည်တော်မှာပဲ ဂူအောင်းနေရပြီလား
Donate to DVB

အစည်းအဝေးများတွင် စကားမာရသွန် မိန့်ခွန်းခြွေတတ်သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဒုတိယမ္ပိ ရုရှားခရီးစဉ်မှ ပြန်ရောက်ပြီးနောက် နေပြည်တော်မှ မခွာတော့သည်မှာ နှစ်လခန့်ရှိနေပြီ ဖြစ်သည်။ 

“သူ နေပြည်တော်အပြင်ကို ထွက်တာ ဇူလိုင်လဆန်း ၅ ရက်နေ့က နောက်ဆုံးပဲ။ ရန်ကုန် ခဏသွားတယ်၊ နောက်ပြီး ဧရာဝတီ ပုသိမ်တပ်နယ်ကို သွားတယ်၊ အဲဒီနောက် ရုရှားကို သွားတယ်။ ပြန်လာပြီးနောက် ဘယ်ကိုမှ မထွက်တော့ဘူး” ဟု Special Branch (SB) ခေါ် အထူးသတင်းတပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

မင်းအောင်လှိုင် ဇူလိုင်လဆန်းပိုင်းက သွားခဲ့သည့် ရန်ကုန်နှင့် ပုသိမ်ခရီးစဉ်သည်ပင် မထွက်ချင်ဘဲ ထွက်ရသည့် ခရီးစဉ်ဖြစ်ခဲ့ဟန်တူသည်။

SB အရာရှိက “အဲဒီအချိန်က မဲခေါင်-လန်ချမ်း အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာတက်တဲ့အချိန်ပေါ့။ ဝမ်ယိရဲ့ ခရီးစဉ် (travel plan) မှာ သူ့ကို သွားတွေ့မယ့် အစီအစဉ်မပါဘူး။ ဒီနိုင်ငံ လာတယ်၊ ဒါပေမဲ့ သူနဲ့မတွေ့ဘူးဆိုတော့ သူ အရှက်ကွဲရတော့မယ်၊ ဒီတော့ ရန်ကုန်နဲ့ ဧရာဝတီခရီးစဉ်ကို ကောက်သွားရပုံပဲ၊ သူ အလုပ်များနေလို့ မတွေ့နိုင်တာဆိုတဲ့ ပုံစံချိုးတာပေါ့။ နေပြည်တော်ပြင်ပ အရပ်ဘက်ဌာနဆိုင်ရာကို သွားတာက ဒလ သင်္ဘောကျင်းကို သွားတာ နောက်ဆုံးပါပဲ။ ကျန်တာက ပုသိမ်တပ်နယ်ကို သွားတယ်၊ ရေတပ်လေ့ကျင့်မှု ကြည့်တယ်၊ ဒါပါပဲ” ဟု သုံးသပ်ပြောဆိုသည်။ 

မင်းအောင်လှိုင်သည် ဇူလိုင်လလယ်မှစ၍ နေပြည်တော်မှ မခွာတော့သလို ပြည်ထောင်စုဝန်ကြီးများသည်လည်း ရန်ကုန်မှလွဲ၍ အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားရောက်ခြင်းမရှိပေ။ အာဏာသိမ်းစက အလွန်တက်ကြွနေခဲ့သော လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်သည်လည်း သတင်းမြင်ကွင်းများမှ ပျောက်ကွယ်နေခဲ့သည်။

“မအလ အသစ်ခန့်လိုက်တဲ့ ပြန်ကြားရေးဝန်ကြီးအသစ် ဦးမောင်မောင်အုန်း ဩဂုတ် ၂၅ ရက်နေ့က ကမာရွတ် ရုပ်မြင်သံကြားရုံးကို လာတဲ့သတင်းတော့ တွေ့လိုက်တယ်။ ဝန်ကြီးသစ် မိတ်ဆက် မျက်နှာလာပြတဲ့ သဘောပေါ့။ ဟုတ်တယ်၊ တခြားပြည်ထောင်စုဝန်ကြီးတွေ နယ်မဆင်းကြတာတော့ ကြာပြီ” ဟု စစ်ကောင်စီထုတ် နေ့စဉ်သတင်းစာများကို လေ့လာနေသည့် သတင်းစာဆရာတဦးက ပြောသည်။ 

နေပြည်တော်တွင် ဂူအောင်းနေရသည့်အဖြစ်ကို အကြောင်းပြရန် မင်းအောင်လှိုင်ထံတွင် ဆင်ခြေပေးနိုင်မည့် အချက်တချို့ ရှိနေသည်။ ယင်းမှာ ကုလကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း၊ EAO များနှင့် ဒုတိယအကြိမ် တက်သုတ်ရိုက်တွေ့ဆုံနေခြင်းတို့ ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ အစည်းအဝေးများကို ခပ်စိတ်စိတ် လုပ်လာနေခြင်းလည်း ရှိသည်။ သို့သော် ကြားကာလများတွင် မင်းအောင်လှိုင်သည် နေပြည်တော်တွင်ပင် ကျွန်းပင်စိုက်ခြင်း၊ မာရဝိဇယဘုရားအခမ်းအနားသို့ တက်ခြင်း၊ မသန်စွမ်း အားကစားသမားများကို သွားရောက်တွေ့ဆုံ အားပေးခြင်းများဖြင့်သာ အချိန်ကို ကုန်လွန်နေစေရသည်။ 

ထိုအခြေအနေနှင့်ပတ်သက်၍ စစ်ထောက်လှမ်းရေးဟောင်းတဦးက “သူတယောက်တည်း နေပြည်တော် ဂူအောင်းနေတာ မဟုတ်ဘဲ ပြည်ထောင်စုဝန်ကြီးတွေကိုပါ နယ်မဆင်းခိုင်းတော့ဘူး ဆိုတာက လုံခြုံရေးအခြေအနေက မလုံခြုံတော့ဘူး‌ဆိုတာကို သူတို့ သိလာကြလို့ပဲ၊ ဝန်ကြီးတွေကို ပေးမလွှတ်တာက လုံခြုံရေးအာမခံမပေးနိုင်တဲ့အပြင် သစ္စာဖောက်သွားမှာကိုလည်း စစ်ကောင်စီက ကြောက်နေရတာ”ဟု သုံးသပ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီသည် လက်နက်ကိုင် တော်လှန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဒေသအသီးသီးမှ တော်လှန်သူများ၏ စစ်လက်နက်ပစ္စည်းများနှင့် တိုက်ခိုက်ရေးစွမ်းရည်များ အရှိန်မြင့်လာပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှစ၍ ပြည်ထောင်စုဝန်ကြီးများ၏ နယ်ခရီးစဉ်များ လျော့ကျလာသည်ကို တွေ့ရသည်။ ၎င်းတို့သည် နေပြည်တော်တွင် စစ်ခေါင်းဆောင်၏ အစည်းအဝေးများတွင် မာရသွန်မိန့်ခွန်းရှည်ကြီးကို နားထောင်ရင်း၊ ကိုယ့်ရုံးခန်းအတွင်းတွင်သာ နေထိုင်ခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြရသည်။ 

“မင်းအောင်လှိုင် အစည်းအဝေးတွေမှာ စကားပြောရင် လေကြောရှည်တာ DSA မှာ ကျောင်းအုပ်လုပ်လာခဲ့လို့၊ အကုန်လုံးကို သူ့ DSA ကျောင်းသားတွေကို လက်ချာရိုက်သလို သူပဲသိ သူပဲတတ်လုပ်ပြီးပြောနေတော့တာ၊ လူပြိန်းတယောက်တောင် သိတဲ့အရာတွေကိုလည်း သူက ဝန်ကြီးအဆင့်တွေကို ရှင်းပြနေတာ" ဟု စစ်ထောက်လှမ်းရေးဟောင်းက ပြောသည်။ 

မိမိအလုပ်လုပ်သလောက် လုပ်ခရရမယ်၊ စိုက်ပျိုးရေးလုပ်ရာမှာ ရေက အရေးကြီးတယ်၊ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှခြေရှိအောင် မလုပ်နိုင်ရင် ကုန်ဈေးနှုန်းကြီးမယ်၊ စသည့် မင်းအောင်လှိုင်၏ မိန့်ခွန်းများမှာ ပြည်သူလူထုအတွင်း ရယ်မောစရာ စကားများ ဖြစ်နေသည်။ 

ဖရဲသီးဟု ဘန်းစကားတွင်သည့် အတွင်းသတင်းပေးများကလည်း ပေါများလှသည်ဖြစ်ရာ စစ်ကောင်စီသည် ပြည်ထောင်စုဝန်ကြီးများ၏ လုံခြုံရေးကိုပင် အာမခံချက် ပေးနိုင်တော့ဟန် မရှိပေ။ နေပြည်တော်ဧရိယာအတွင်းရှိ ပေါင်းလောင်းဆည်ကိုသာ သွားရောက်မည့် လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်ကြီး၏ ခရီးစဉ်တွင် လုံလောက်သည့် လုံခြုံရေးပေးရန် ပြည်‌ထဲရေးဝန်ကြီးထံ စာထုတ်တောင်းရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုစာသည်လည်း ပေါက်ထွက်လာခဲ့သည်။ ထို့နောက် လယ်ဆည်ဝန်ကြီး ဒေါက်တာအောင်ကြီးနေရာတွင် စစ်ကောင်စီက ဦးတင်ထွဋ်ဦးကို အစားထိုးလိုက်တော့သည်။ 

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ နစကအဖွဲ့ကို ဩဂုတ် ၁၉ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ နစကအဖွဲ့တွင် ဟန်ပြ ပြည်ထောင်စုဝန်ကြီးများကို ထည့်သွင်းထားသော်လည်း ဝန်ကြီးများသည် နိုင်ငံတဝန်း လှည့်လည်သွားလာကာ ဟန်ရေးမပြနိုင်ကြဘဲ နေပြည်တော် ရုံးခန်းအတွင်းမှာသာ စာထိုင်ထုတ်နေကြရသည်။

မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ နေပြည်တော် ဂူအောင်းရာမှ ထွက်လာမည့်နေ့ကို ငံ့လင့်နေသူများ ရှိပါသည်။ ၎င်းတို့ကို ငံ့လင့်စောင့်ဆိုင်းနေသူများမှာ ဒေသအသီးသီးမှ လက်နက်ကိုင် တော်လှန်ရေးသမားများပင်။ 

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013