DVB Logo
Home
Lead Story
ဂေါ်ဘာချော့ဗ် ရည်မှန်းခဲ့တဲ့ ကပ်ဘေးအလွန် အနာဂတ်ကမ္ဘာ
DVB
·
August 31, 2022
ဂေါ်ဘာချော့ဗ် ရည်မှန်းခဲ့တဲ့ ကပ်ဘေးအလွန် အနာဂတ်ကမ္ဘာ
Donate to DVB

ဆိုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ဟောင်း မစ်ခေးလ် ဂေါ်ဘာဘာချော့ဗ်  အသက်  ၉၁ နှစ် အရွယ်မှာ ဆုံးသွားပါပြီ။

စစ်အေးခေတ်တခေတ်ကို အဆုံးသတ်ပေးခဲ့သူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ၊ ကမ္ဘာက လေးစားရသူပါ။ ရုရှားမှာတော့ သူက တမျိုးဖြစ်နိုင်ပါတယ်။ အရင်တနှစ်က စစ်အသုံးစရိတ်တွေ လျှော့ချဖို့ တိုင်းမ်မဂ္ဂဇင်းမှာ သူ အက်ဆေးရေးခဲ့ပါတယ်။ ကျနော် ဘာသာပြန်ခဲ့ပြီး The New Normal ထဲမှာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ သူမဆုံးခင် နောက်ဆုံး စာမူတွေထဲက တခု ဖြစ်ပါလိမ့်မယ်။ ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ငြိမ်းချမ်းရေးလိုလားတဲ့ ရုရှားတယောက်ရေးခဲ့တဲ့စာလို့ ပြောရပါမယ်။

စစ်အသုံးစရိတ်ကို လျှော့ကြပါ

ယခုနှစ် ပထမပိုင်း လပိုင်းတွေမှာပင် ကမ္ဘာကြီး၏ ပျက်စီးလွယ်သောသဘောကို တဖန် မြင်ကြရပြန်သည်။ အန္တရာယ်သည် ဝရုန်းသုန်းကား အခြေအနေကို ဇောက်ထိုး ကျဆင်းနေပုံက မထိတ်သာမလန့်သာ ရှိလှသည်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါသည် နိုင်ငံအားလုံးကို ခြိမ်းခြောက်နေရာ တနိုင်ငံချင်းဆီတော့ ရင်ဆိုင်နိုင်ကြမည် မဟုတ်ပါ။

ကျွန်ုပ်တို့၏ လက်ငင်းအရေးကိစ္စမှာ ယနေ့ ရင်ဆိုင်နေရသော ရန်သူဆိုးကို အပြတ်ချေမှုန်းရေးပင် ဖြစ်သည်။ သို့သော် ရန်သူ ဆုတ်ခွာသွားပြီးနောက် မည်သို့ ဆက်သွားကြမလဲ ဆိုသည်ကိုလည်း ကြိုတင်စဉ်းစားထားကြရန် လိုပါသည်။

အတော်များများက ပြောနေသည်မှာ ကမ္ဘာကြီး လုံးဝ ပြောင်းလဲသွားလိမ့်မည်။ သို့သော် မည်သို့ ပြောင်းလဲသွားမည်နည်း။ ကျွန်ုပ်တို့ မည်သို့ သင်ခန်းစာယူမလဲ ဆိုသည့်အပေါ် မူတည်သည်ဟု ပြောချင်ပါသည်။

နျူကလီးယား ခြိမ်းခြောက်မှုကို ဖြေရှင်းခဲ့ကြသော ၁၉၈၀ ပြည့်လွန်နှစ်များဆီကို ပြန်လည် သတိရမိပါသည်။ အပြောင်းအလဲ၏ အစသည် ကျွန်ုပ်တို့ အားလုံးကြားတွင် နားလည်မှု တူညီသွားသောအချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ နျူကလီးယားသည် အားလုံးအတွက် အန္တရာယ်၊ နျူကလီးယားစစ်ပွဲတွင် မည်သူမှ အနိုင်ရလိမ့်မည်မဟုတ်ဟူသော အချက်ကို ဆိုဗီယက်နှင့် အမေရိကန် ခေါင်းဆောင်များက နားလည်ခဲ့ပြီး လူသိရှင်ကြား ကြေညာခဲ့သည်။ သို့နှင့် ရစ်ကာဗစ် ထိပ်သီးအစည်းအဝေးနှင့် နျူကလီးယားဖျက်သိမ်းရေး သဘောတူစာချုပ် ဖြစ်ပေါ်လာခဲ့ရသည်။ ယခုအထိ နျူကလီးယား လက်နက်အားလုံး၏ ၈၅ ရာခိုင်နှုန်းကို ဖျက်ဆီးခဲ့ပြီးဖြစ်သော်လည်း အန္တရာယ် ရှိနေပါသေးသည်။

နောက်ထပ် ကမ္ဘာ့အန္တရာယ်များစွာလည်း ရှိနေပါသေးသည်။ ဥပမာ ဆင်းရဲမွဲတေမှုနှင့် လူတန်းစား ကွာဟမှု ပြဿနာများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊ ကမ္ဘာကြီး၏ မြေအောက် ရေအောက်သယံဇာတများ ကုန်ခန်းလာမှု၊ လူတွေ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုလို ကိစ္စများကို အရေးတကြီး ကိုင်တွယ်ရန် လိုအပ်လာသည်။ ယခုအခါ ဆိုးရွားလှသော ရောဂါကပ်ဘေးကို  ရင်ဆိုင်နေရပြန်သည်။ ကူးစက်ရောဂါသည် အပြန်အလှန် ချိတ်ဆက်ထားသော ကမ္ဘာကြီးကို မကြုံဖူးသော အလျင်ဖြင့် ကူးစက်ပျံ့နှံ့နေသည်။

စိန်ခေါ်မှုအသစ်သည် တနိုင်ငံချင်းစီ ရင်ဆိုင်ရမည့်ကိစ္စ မဟုတ်ပါ။ နိုင်ငံအသီးသီး၏ အစိုးရများက အခက်ခဲဆုံး ရွေးချယ်မှုများကို ပြုလုပ်နေရသော်လည်း ဆုံးဖြတ်ချက်ချသည့်အခါ ကမ္ဘာ့အသိုက်အဝန်းတခုလုံးက တညီတညွတ်တည်း ဖြစ်ရမည်။

ပြဿနာက ကျွန်ုပ်တို့တွင် လူသားအားလုံးနှင့် သက်ဆိုင်သော မဟာဗျူဟာနှင့် ရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် အစီအစဉ်များ ယခုအထိ ပျက်ကွက်နေဆဲ ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ တွင် ချမှတ်ခဲ့သော ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက်သည်လည်း ဘက်မျှမှု အလွန်အားနည်းလှသည်။ ယနေ့ မြင်ကြရသည့်အတိုင်း ကူးစက်ရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကြောင့် ဆင်းရဲသားများ ပိုအထိနာကြသည်။ ဆင်းရဲ ချမ်းသာ ကွာဟမှု အခြေအနေ ပိုဆိုးသွားစေနိုင်ပါသည်။

လုံခြုံမှုဆိုသော အယူအဆကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြီး ပြင်ဆင်ရန် အရေးတကြီး လိုအပ်နေပါပြီ။ စစ်အေးကာလ ပြီးဆုံးသွားသည့်တိုင်အောင် စစ်ကာလကို မြင်တွေ့နေရဆဲပင်။ ဒီနှစ်ပိုင်းတွေအထိ လက်နက်၊ မစ်ဇိုင်းဒုံးကျည်၊ လေကြောင်းတိုက်ခိုက်မှု စသဖြင့် မကြားချင် အဆုံးပင်။

ယခုနှစ်တွင်လည်း အင်အားကြီးနိုင်ငံများနှင့်ပတ်သက်နေသော ရန်လိုမှုများကြောင့် စစ်ဖြစ်တော့မည့်ဆဲဆဲ အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ အီရန်၊ အီရတ်၊ ဆီရီးယား  ပြဿနာများ ဖြစ်သည်။ ပါဝင်ပတ်သက်သူများ နောက်ဆုတ်ခဲ့ကြသည့်တိုင်အောင် ထိုအဖြစ်အပျက်များသည် အန္တရာယ်ရှိပြီး ကျိုးကြောင်းဆင်ခြင်တုံတရားကင်းမဲ့သော သားရဲတွင်းဝ နိုင်ငံရေးစွန့်စားခန်းများသာ ဖြစ်ပါသည်။

မျက်မှောက် ကမ္ဘာ့ပြဿနာမှာ စစ်ပွဲများနှင့် လက်နက်အပြိုင်တပ်ဆင်မှုကို မည်သို့ ဖြေရှင်းနိုင်မည်လဲ ဆိုတာ မရှင်းလင်းလှပါ။ စစ်ပွဲဆိုတာ ကျဆုံးခြင်းလက္ခဏာဖြစ်သည်။ နိုင်ငံရေးအရ မအောင်မြင်မှု ဖြစ်သည်။

အဓိက အာရုံစိုက်ရမည်မှာ လူသားတို့၏ လုံခြုံမှုသာ ဖြစ်ရပေမည်။ အစားအစာ၊ ရေ၊ သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဖြည့်ဆည်းပေးရမည်။ ထိုရည်ရွယ်ချက် အောင်မြင်စေရန် မဟာဗျူဟာများကို ချမှတ်ရန်လိုသည်။ ပြင်ဆင်မှု လုပ်ရမည်။ အစီအစဉ်များနှင့် အရန်ထားရှိနိုင်ရမည်။ ထိုသို့မဟုတ်ဘဲ အစိုးရများသည် လက်နက်အပြိုင်ဝယ်ရင်း ငွေဖြုန်းနေကြလျှင် အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။

မငြီးမငွေ့ ထပ်ပြောရလျှင် ကျွန်ုပ်တို့သည် ကမ္ဘာရေးရာများတွင် နိုင်ငံတကာ နိုင်ငံရေး၊ နိုင်ငံရေး အတွေးအခေါ်တွင် စစ်စိတ် စစ်အတွေးကို လျှော့ချရန် လိုသည်။

ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာ၏ အမြင့်ဆုံးစင်မြင့်ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထူးအစည်းအဝေးတရပ်ကို အမြန်ဆုံးခေါ်ယူကြပြီး အခြေအနေကို တည်ငြိမ်အောင်ထိန်းဖို့ ကျနော့်အနေဖြင့် တောင်းဆိုပါသည်။ ကမ္ဘာ့ရေးရာကိစ္စများကို ပြန်လည်သုံးသပ်ရန်အတွက် ဆွေးနွေးမှုသည် အနိမ့်ဆုံး အာဂျင်ဒါ ဖြစ်သင့်ပါသည်။ စစ်ရေး အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချကြဖို့ ခေါင်းဆောင်များကို တောင်းဆိုလိုပါသည်။ ယခုအချိန်မျိုးတွင် ခံယူချက်အသစ်ဖြင့် ယဉ်ကျေးမှုသစ်ဆီ ပထမဆုံး လှမ်းလိုက်သော ခြေလှမ်းအဖြစ်  အနိမ့်ဆုံး လုပ်ဆောင်ရမည့် ကိစ္စရပ် ဖြစ်ပါသည်။

နေသွင်ညိဏ်း

Ref: Mikhail Gorbachev: When The Pandemic Is Over, The World Must Come Together  (15 Apr 2020 )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013