အိန္ဒိယနိုင်ငံမှာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ရူပီးငွေသိန်း ၆၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အိုင်ဇောလ်မြို့ကမ္ဘာ့ဘဏ်လမ်းမှာ သတင်းအရ အထူးမှုခင်းစုံစမ်းရေးဌာနခွဲက စစ်ဆေးရာ မြန်မာနိုင်ငံ အမျိုးသားတဦးဆီကနေ စိတ်ကြွဆေးပြားအလုံး ၂၀,၀၀၀ ကျော်ကို သြဂုတ် ၂၉ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဆေးပြားများသယ်ဆောင်သူမှာ စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်း F- ရပ်ကွက်နေ အသက် ၃၀ အရွယ် မာလ်ဆောမ်ဒေါင်းငါဖြစ်ပြီး မီဇိုပြည်နယ် အိုင်ဇောမြို့ (Hunthar) ရပ်ကွက်ကို စစ်ရှောင်လာသူဖြစ်တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိ မူးယစ်ဆေးတွေကို မီဇိုရမ်အထူးမူးယစ်ဆေး တားမြစ်ရေးအဖွဲဆီ လွှဲအပ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်ကနေ မီဇိုရမ်ပြည်နယ်မှာ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ PDF-Zoland က ဩဂုတ် ၂၆ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။
အရင်ကလည်း ဒေသတွင်းတောင်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး သတိပေးစာထုတ်ပြန်ပေမယ့် မြန်မာပြည်ဘက်ကနေ မီဇိုရမ်ဘက်ကို မူးယစ်ဆေးဝါးရောင်းချမှု လျော့ပါးလာခြင်းမရှိသေးပါဘူး။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူအမြောက်အမြား နေထိုင်တဲ့ မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး မြန်မာနိုင်ငံသားတွေဆီကနေ ဘိန်းဖြူဖမ်းဆီးရမိမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။