
ရန်ကုန်တိုင်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ ဝါဝါလမ်းမှာ နေထိုင်တဲ့ စစ်ရှောင် လူငယ် ၂ ယောက် အလုပ်သွားလုပ်ရင်း ပျောက်ဆုံးသွားလို့ မိဘတွေစိတ်ပူပြီး လူမှုကွန်ရက်က တဆင့် အကူအညီတောင်းခံနေပါတယ်။
မေ ၁၁ ရက်က စစ်ရှောင်လူငယ် ၂ ယောက် ဒညင်းကုန်းစျေးမှာ ပန်းရံသွားလုပ်ရာကနေ နေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတာဖြစ်ကြောင်း စောဇော်မင်းသိန်း Tik Tok Account ကနေ မေ ၂၀ ရက်က တင်ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
ရပ်ကွက်နေသူတယောက်က "သူတို့တွေက စစ်ရှောင်လာတာ။ တယောက်က အဘွားအိုကြီးကို လုပ်ကျွေးနေတာ၊ တယောက်က အမေကို လုပ်ကျွေးနေတာ။ အဲဒီအမေရော အဘွားကြီးရော နေ့တိုင်း ထမင်းလည်း မစားနိုင်ဘူး၊ ငိုယိုပြီး တွေ့သမျှလူတိုင်းကို လိုက်အကူအညီတောင်းနေတာ။ ကျနော်တို့က ကလေးတွေ ပေါ်တာဆွဲခံရတာ သိပေမဲ့ သူတို့တွေကို ပြောမထွက်ဘူး"လို့ ပြောပါတယ်။
ပျောက်ဆုံးသွားတဲ့ စစ်ရှောင်လူငယ် ၂ ယောက်ဟာ ပြည့်ဖြိုးဝေနဲ့ ကိုကိုနိုင်တို့ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာ ရှိသေးတယ်လို့ မိသားစုဝင်တွေက ပြောပြထားပါတယ်။
ဒညင်းကုန်းအနီးမှာ အမှတ် ၁ စစ်သားစုဆောင်းရေးတပ် ရှိတာကြောင့် စစ်မှုထမ်းဖို့ စုဆောင်းခံ ရတာ ဖြစ်နိုင်သလို အာဏာရှင်စစ်တပ်ရဲ့ လက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးပြီး စစ်ထဲပို့တာ ခံရတာဖြစ်နိုင်တယ်လို့ တညင်းကုန်းစျေးအနီး နေထိုင်သူ တယောက်က ပြောပါတယ်။
"ဒီလောက်ရက်ကြာနေရင် အဲဒီကလေး ၂ ယောက်ကို စုဆောင်းရေးက ဖမ်းရင်ဖမ်း၊ ဒါမှမဟုတ် အုပ်ချုပ်ရေးက ဖမ်းပြီး အခုလောက်ဆို စစ်ထဲ ရောင်းစားပြီးလောက်ပြီ။ ၈ ရက်နေ့က တညင်းကုန်း စျေးမှာ ည ၈ နာရီလောက် စစ်တပ်က လူငယ်တစ်ယောက်ကို ဖမ်းသွားတာ ရှိတယ်။”
အခုရက်ပိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၅ အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော် များများမှာ စစ်တပ်နဲ့ ရဲတွေက လူငယ်တွေကို ဧည့်စာရင်းနဲ့ ဖမ်းဆီးတာအပြင် အလုပ်သွား အလုပ်ပြန်တွေပါ ဖမ်းဆီးတဲ့ အခြေအနေအထိ ဖြစ်နေပါတယ်။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆိုရင် အပတ်စဉ် ၂၆ အထိ ရောက်လာပြီ ဖြစ်ပါတယ်။











