DVB Logo
Home
မြန်မာသတင်း
နောင်ချိုတွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်၊ ရွာသား ၈၀၀ ကျော် စစ်ဘေးရှောင်နေရ
DVB
·
August 30, 2022
နောင်ချိုတွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲဖြစ်၊ ရွာသား ၈၀၀ ကျော် စစ်ဘေးရှောင်နေရ
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ပြီးခဲ့တဲ့အပတ်ကစတင်ကာ မနေ့ကအထိ တိုက်ပွဲဖြစ်တာကြောင့် ရွာပေါင်း ၈ ရွာလောက်က ပြည်သူ ၈၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။ 

နောင်ချိုမြို့နယ် ရတနာသိင်္ဂီ၊ သစ်စက်၊ ကုန်းတမော့၊ နားကျိုင်းနဲ့ လုံခန်ကျေးရွာက မိုးကုတ်သွား လမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဩဂုတ် ၂၄ ရက်နေ့ကလည်း စစ်တပ်က လေယာဉ် ၂ စီးနဲ့ပါ ကူတိုက်တာကြောင့် အနီးတဝိုက် ရွာသားတွေ မနေရဲတော့တာကြောင့် နီးစပ်ရာဘုန်းကြီး ကျောင်းတွေမှာ ဝင်ရောက်ခိုလှုံနေရတာလို့  စစ်ဘေးရှောင်သူတဦးက ဒီဗွီဘီကို  ပြောပါတယ်။ 

“တိုက်ပွဲက ရွာနဲ့တအားနီးပြီး လေယာဉ်ပျံပါရောက်လာတော့ ထွက်ပြေးကြတာပေါ့။ တချို့ဆို ဖိနပ်တောင်မပါဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ၊ ဘုန်းကြီးကျောင်းမှာ ရောက်နေတယ်။ စားစရာကို လောလောဆယ် ဆရာတော်က ကျွေးမွေးထားပေမယ့် ရေရှည်ဆိုရင် အားနာစရာပေါ့နော်၊ လိုအပ်တာက ကလေးအနွေးထည်နဲ့ ဆေးဝါးတွေပေါ့။”

တိုက်ပွဲမဖြစ်ခင် ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မနက်က လုံခန်ရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေဝင် လာကြောင်း၊ သူတို့သွားလိုရာခရီးအတွက် ရွာထဲကထော်လဂျီကား ၂ စီးကို ချောဆွဲသွားပြီး လမ်းခရီးမှာ တိုက်ပွဲဖြစ်လို့ ချောကားနဲ့လိုက်သွားရတဲ့ လုံခန်ရွာသား အသက် ၅၀ အရွယ် ဦးတေဇော သေနတ်ထိမှန်ပြီး အခုထိ ဆေးကုသနေရတုန်းပဲလို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် ၂၂ ရက်နေ့ကလည်း ကုလားကွဲရွာသား ဦးအောင်ကျော်ဟာ ယာခင်းသွားပြီး ည နေခင်းကျွဲနဲ့ပြန်လာစဉ် နောက်ကျောကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားကြောင်း၊ ယာထဲသွားတဲ့ ဦးအောင်ဝင်းကလည်း သေနတ်သံကြားလို့ ထွက်ပြေးစဉ် စစ်ကောင်စီတပ်ဖွဲ့က သူ့ကို ဖမ်းခေါ်သွားပြီး နောက်တနေ့ ပြန်လွတ်လာကြောင်း၊ ဦးအောင်ဝင်း အပစ်ခံရတာကို သူ ပြန်ပြောမှ ရွာသားတွေသိပြီး သွားကြည့်ကြရာ အလောင်းမှာ မာတောင့်နေပြီလို့ ဆိုပါတယ်။ 

ဒေသထဲ အခြေအနေမတည်ငြိမ်တာကြောင့် နောင်ချိုမြို့နယ် သစ်စက်၊ ကုန်းတမော့၊ ရတနာသိင်္ဂီ၊ ကုလားကွဲ၊ လုံခန်၊ ကြံခင်း၊ နားခါး၊ နားကျိုင်း၊ ကုန်းတမော့ စတဲ့ကျေးရွာက ရွာသားတွေဟာ ဒိုးပင်၊ ဟိုခို နဲ ကုလားကွဲကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ 

စစ်ဘေးရှောင်ကူညီသူတွေကောက်ခံရရှိတဲ့စာရင်းအရ ဒိုးပင်ဘုန်းကြီးကျောင်းမှာ အိမ်ထောင်စုဝင် ၁၈၃ စုက လူဦးရေ ၅၆၉ ဦး ၊ ဟိုခိုကျောင်းတိုက်မှာ အိမ်ထောင်စု ၃၀ က ၁၁၀ ဦး၊ ကု လားကွဲဘုန်းကြီးကျောင်းမှာ အိမ်ထောင်စု ၃၉ စုက လူဦးရေ ၁၅၅ ဦး ရောက်ရှိနေတယ်လို့ ဆိုပါတယ် ။ 

လောလောဆယ် နေဖို့နဲ့ စားနပ်ရိက္ခာကို သံယာတော်နဲ့ နီးစပ်ရာ ကျေးရွာက အလှူရှင်တွေ လာရောက်ကူညီပေးနေကြောင်း၊ ဒါပေမဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ ကလေး အဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်တွေ၊ အနွေးထည်တွေ လိုအပ်လျက်ရှိလို့  စေတနာရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၄၄၈၁ ၄၈၇၇၀ ၊ ၀၉ ၄၅၉၆၁၄၈၃၅ နဲ့ ၀၉ ၄၀၂၄၆ ၅၃၃၂ တွေကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013