DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီက သစ်လွင်ဆရာဝန်လစ်လပ်နေရာ ၂၀၀ အပါအဝင် ရာထူးနေရာ ၃၀၀ ကျော် ခေါ်ယူ
DVB
·
August 30, 2022
အကြမ်းဖက်စစ်ကောင်စီက သစ်လွင်ဆရာဝန်လစ်လပ်နေရာ ၂၀၀ အပါအဝင် ရာထူးနေရာ ၃၀၀ ကျော် ခေါ်ယူ
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက သစ်လွင်ဆရာဝန် လစ်လပ်နေရာ ၂၀၀ အပါအဝင် ရာထူးနေရာ ၃၀၀ ကျော် ခေါ်ယူနေပါတယ်။

ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှာ လစ်လပ်နေတဲ့ သစ်လွင်ဆရာဝန်ဦးရေ ၂၀၀ နဲ့ သွားဘက်ဆိုင်ရာဆရာဝန် လစ်လပ်နေရာ ၂၀ အပါအဝင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာနအတွက် ခေါ်ယူထားတာပါ။

အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်း ၁ နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံကို တည်ငြိမ်သယောင် လုပ်ဆောင်နေပေမယ့်လည်း အစိုးရတရပ်အနေနဲ့ မယ်မယ်ရရ ဖွဲ့စည်းနိုင်ခြင်း မရှိဘဲ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင် ဆေးတက္ကသိုလ် တက်မယ့်သူတွေကို ခေါ်ယူနေတာဖြစ်ပြီး ကျောင်းပြီးသွားတဲ့အချိန်မှာ နိုင်ငံတာဝန်ကို ၅ နှစ် ထမ်းဆောင်ရမယ်လို့ ထုတ်ပြန်ထားတာပါ။

မြန်မာတနိုင်ငံလုံးမှာတော့ ရန်ကုန်ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်နဲ့ တောင်ကြီးဆေးတက္ကသိုလ် ၅ ကျောင်းရှိကာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလ စတင်ချိန်ကတည်းက နိုင်ငံတဝန်းက ကျောင်းတွေအားလုံးကို ပိတ်ထားခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု စတင်ချိန်မှာတော့ ဆေးလောကသားတွေက ဦးဆောင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးမှာ အခုအချိန်တိုင်အောင် တစိုက်မတ်မတ် ပါဝင်လာခဲ့ကြပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး အပါအဝင် ဆေးတက္ကသိုလ်တွေကလည်း ယာယီတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းထားပြီးဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ရှေ့တန်းတနေရာက ဦးဆောင်ပါဝင်နေခဲ့တဲ့ ဆေးလောကသားတွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကိုလည်း စစ်ကောင်စီက ကျူးလွန်နေပြီး စစ်အာဏာစသိမ်းတဲ့ အချိန်ကစပြီး ကျန်းမာရေးလုပ်သား အယောက် ၃၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၆၀၀ ကျော်ကတော့ စစ်အုပ်စုက ဖမ်းဝရမ်းထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေးဌာနတွေရဲ့ ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ CDM ဆရာဝန်၊ သူနာပြုဦးရေ စုစုပေါင်း ၁၅၀ ကို ခေါ်ယူထားပါတယ်။

ခုလို လျှောက်လွှာခေါ်ယူတာဟာ တော်လှန်ရေးကာလ လိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူတာဖြစ်ပြီး တခြားသော ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

NUG အစိုးရက တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလတွေအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့ အစီအစဉ်တွေ အတတ်နိုင်ဆုံး ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန် ကာလတွေမှာလည်း ဘဝအာမခံချက်တွေကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013