DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ
DVB
·
January 25, 2023
အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ
Donate to DVB

ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းစုံအစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်တို့က မြန်မာနိုင်ငံက တရားမဝင် စစ်အုပ်စုကို ပံ့ပိုးကူညီမှုတွေ ပေးနေကြတယ်လို့ Justice For Myanmar အဖွဲ့က ကြေညာပါတယ်။

“အာဏာရှင်စနစ်တရပ် ဖော်ဆောင်ခြင်း- အစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများက တရားမဝင် မြန်မာ စစ်အုပ်စုကို ပံ့ပိုးမှုပုံစံများနှင့် ရပ်တန့်အောင် လုပ်ဆောင်ရမည့်အရာများ” အမည်နဲ့ အဆိုပါအစီရင် ခံစာထဲမှာတော့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ပေးခဲ့တဲ့ ပံ့ပိုးမှုပုံစံတွေကို အသေးစိတ် ဖော်ပြထားတာပါ။

အဲဒီထဲမှာ နိုင်ငံတကာအစိုးရ ၂၀၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင် နိုင်ငံ တကာအစိုးရအဖွဲ့အစည်း ၂၆ ဖွဲ့၊ နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်း ၈ ဖွဲ့တို့ ပတ်သက်ဆက်နွှယ်နေတဲ့အကြောင်း မြန်မာစစ်အုပ်စုကို အဓိက အထောက်အပံ့ပေးနေတဲ့ အမျိုးအစားတွေကိုတော့ ၄ မျိုးသတ်မှတ် ဖော်ပြထားပါတယ်။

ထောက်ပံ့မှုအမျိုးအစားတွေကတော့ စစ်အုပ်စုကို နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် သံတမန် ဆက်ဆံရေးနဲ့ လုပ်ဆောင်ချက်တွေကတဆင့် တရားဝင်မှုရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ စစ်အုပ်စုနဲ့ သူရဲ့အကျိုးစီးပွားအတွက် ထမ်းဆောင်ပေးနေသူတွေဆီ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ လွှဲပြောင်းပေးနိုင်တဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေးအစီအစဥ်တွေ၊ ချေးငွေထုတ်ပေးမှုတွေ၊ တိုက်ရိုက်ဝယ်ယူမှုတွေ၊ ဒါမှမဟုတ် စစ်အုပ်စုထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ သွယ်ဝိုက်ပြီး စီးပွားပူးပေါင်းလုပ်ဆောင်တာတွေ၊ ဒါ့အပြင် စစ်အုပ်စုအတွက် ဘဏ္ဍာရေးနဲ့ မဟာဗျူဟာအရ ထောက်ပံ့ပေးမယ့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုတွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ဟိုတယ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ အိမ်ရာတွေ ငှားရမ်းတာတွေ ပါဝင်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုချိန်ထိ နိုင်ငံတကာ အသိုင်းအဝိုင်းအများစုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူ ဖြစ်စေတဲ့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ စီးဆင်းမှုကို အဆုံးသတ်ဖို့ နည်းနည်းလေးပဲလုပ်ထားတာ ဒါမှမဟုတ် လုံးဝ လုပ်ဆောင်မှုမရှိတာကို တွေ့ရပါတယ်။ အခုချိန်မှာ နိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က မြန်မာပြည်သူတွေကို ကူညီဖို့ လျစ်လျူရှုထားရုံသာမကဘဲ၊ မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုကို တက်တက်ကြွကြွ ပံ့ပိုးကူညီနေတယ်ဆိုတာက ထင်ရှားပါတယ်။ နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာ တွေအဆုံး စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာတော့ မြန်မာစစ်အုပ်စုအတွက် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေဆီက သိသိသာသာ ထင်ထင်ရှားရှား တိုးမြှင့်ရရှိခဲ့ပြီး ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ စစ်အုပ်စုကို အရေးပါတဲ့ ပံ့ပိုးသူတွေအဖြစ် ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ပုံစံ အားလုံးကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရေးနဲ့ ပတ်သက်ပြီးတော့လည်း မရတနာမောင်က “မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရမှာ ဖြစ်ပြီး၊ စစ်အုပ်စု၊ သူရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံချင်းအလိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားအစိုးရအားလုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ စစ်အုပ်စုအတွက် ပံ့ပိုးမှုပုံစံ အားလုံးကို ရပ်တန့်ဖို့ ချက်ချင်းအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013