DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ရန်ကြိုးစားသွားမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော
DVB
·
February 7, 2023
အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ရန်ကြိုးစားသွားမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော
1 / 2
Donate to DVB

ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကတိပေး ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့ ပြုလုပ်တဲ့ NUG အစိုးရ ၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလို ပြောလိုက်တာဖြစ်ပြီးတော့ တော်လှန်ရေးရဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်ဆိုတာမျိုး မရှိစေရအောင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အားလုံးအနေနဲ့ တော်လှန်ရေးအစုအဖွဲ့ အားလုံးနဲ့အတူ တညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြဖို့လည်း သူက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “မတရားမှုတွေ စတင်ခဲ့တဲ့နေ့ကတည်းက လက်မခံနိုင်ခဲ့ကြတဲ့ ပြည်သူတွေဟာ အခုလို နေ့စဉ်နဲ့အမျှ အစွမ်းကုန် ရက်စက်ယုတ်မာမှုတွေ ပြုနေတဲ့၊ လက်နက်မိုးပြီး အုပ်ချုပ်နေတဲ့ စစ်တပ်အပေါ် အခြေအနေတွေအရသာ ခေါင်းငုံ့ပြီး နေနေရပေမယ့် အခွင့်အခါရရင် ရသလို ဆန့်ကျင်နိုင်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို အဲဒီ ၁ ရက်နေ့က အသံတိတ်သပိတ် အောင်မြင်မှုကို ကြည့်ရင် သေချာစွာ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပံ့ပိုးနိုင်တဲ့ကဏ္ဍအစုံက ပံ့ပိုးရင်း အောင်ပွဲနေ့ကို မျှော်နေကြတဲ့ ပြည်သူတွေအတွက် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးဟာ တက်ညီလက်ညီနဲ့ စုစုစည်းစည်း အားကုန်ရုန်းကြဖို့တော့ အရေးကြီးပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် လတ်တလော မြန်မာနိုင်ငံမှာ ဖြေရှင်းစရာ အရေးကိစ္စတွေ အများကြီး ရှိနေပြီး အဲဒီထဲမှာမှ အခု အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံးဖယ်သွားနိုင်ရေးဟာ နံပါတ် ၁ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်နေပြီး ဒီအတွက် တစုတစည်းတည်း အားကုန်ကြိုးစားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ အားထည့်လုပ်ဆောင်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း “အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူ လူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို အခုအချိန်မှာ တည်ဆောက်ယူဖို့ အချိန်အခါ ကောင်း တရပ်ဖြစ်ပြီး အာဏာရှင်စနစ်နဲ့ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး တိုင်းရင်းသားပြည်သူလူထုရဲ့ လိုလားမှုကို အလေးထားလျက် ညီညွတ်မှုရှိကာ ကျနော်တို့အကြား ချိတ်ဆက်ဆောင်ရွက်မှုကို ပြသဖို့ အချိန်ကျရောက်နေပြီဖြစ်တယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013