DVB Logo
Home
မြန်မာသတင်း
ပသုံးလုံးကို မြန်မြန်ပြုပြင်ပြောင်းလဲရမည်ဟု NUG ယာယီသမ္မတ ပြော
DVB
·
January 14, 2025
ပသုံးလုံးကို မြန်မြန်ပြုပြင်ပြောင်းလဲရမည်ဟု NUG ယာယီသမ္မတ ပြော
Donate to DVB

DVB

NUG ရဲ့ အုပ်ချုပ်ရေးဘက်နဲ့ အခွန်ဘဏ္ဍာဆိုင်ရာဘက်မှာ အသံတော်တော်ထွက်လာသလို တချို့ မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ်လာတာမျိုးတွေလည်း ရှိလာလို့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့နဲ့ ပသုံးလုံး ကို မြန်မြန်ပြုပြင်ပြောင်းလဲရမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောတာဖြစ်ပြီး မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်သူတွေကို အစိုးရအဖွဲ့အတွင်းမှာထည့်ဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “တော်လှန်ရေးရဲ့အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျနော်တို့ရဲ့ ပသုံးလုံးယန္တရားနဲ့ နေ့စဉ်ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှုရရှိရေးနဲ့ လူထုယုံကြည်မှုကို ခိုင်ခိုင်မာမာရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံးယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန်အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပသုံးလုံးပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်းမနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ် လို့ ထင်ပါတယ်” လို့ ပြောကြားပါတယ်။

တော်လှန်ရေးတပ်တွေ စိုးမိုးရာနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ပြည်သူအပေါ်ပြုမူဆက်ဆံပုံတွေအပေါ် ဝေဖန်တာတွေ မြင့်တက်လာနေတာပါ။

ပြီးခဲ့တဲ့ အစည်းအဝေးတွေတုန်းကတော့ ပြည်ပရောက်နေတဲ့ NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းကိုပြန်လာကြဖို့ ယာယီသမ္မတကပြန်ခေါ်ခဲ့သလို NUG ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးမှာတော့ ယာယီသမ္မတ ဒူဝါလရှီးလက   “တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှုထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျနော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်းဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အုပ်ချုပ်ရေးနဲ့ ရန်ပုံငွေပိုင်းဆိုင်ရာကို လူပြောများလာတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန်ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖယ် လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားရင်း နိဂုံးချုပ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်သူကတော့ သူ့အလုပ်ကိုသူ တစိုက်မတ်မတ်လုပ်နေတာကိုတွေ့ရပြီး နေရာဒေသအနှံ့က သူတို့ရဲ့ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီးနေတဲ့ သတင်းတွေကိုလည်း ခပ်စိပ်စိပ် ကြားလာရတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် အလုပ်တွေပိုလုပ်ပြီး ပိုမိုအားစိုက်ကြဖို့ လိုတယ်ဆိုတာ အမြဲသတိပေး ပြောကြားနေရတာလို့ ဆိုပါတယ်။

“တော်လှန်‌ရေးကာလအတွင်းမို့ တချို့ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေက အခြေအနေပေါ် မူတည်ပြီး အများကြီးဆောင်ရွက်လို့ မရနေတာလည်း ရှိနိုင်သလို တချို့ဝန်ကြီးဌာနတွေ ကျတော့လည်း အတော်လေး အလုပ်များ ဝန်ပိနေတာမျိုးလည်းရှိတာမို့ တန်ဖိုးရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ဖို့ဆိုတာလည်း အမျိုးသားညီညွတ်ရေး အစိုးရအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီအတွက် ဝန်ကြီးတွေအားလုံးလည်း ဖြစ်နိုင်ချေ ရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လို အားကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက်လျှောက်တိုင်ပင် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်‌ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေဘဲ ကြိုးပမ်းရမှာဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေရှိနေသလဲ ဘယ်ကဏ္ဍကို ဦးစားပေးဖြေရှင်းကြမလဲဆိုတာကိုတော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီရဲ့ နှစ်ချုပ်အစီရင်ခံစာကိုလည်း တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013