ဧပြီ ၁၇ ရက် ဒီနေ့လုပ်တဲ့ အစိုးရအဖွဲ့အစည်းဝေးမှာပြောတာဖြစ်ပြီး စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို လက်တွေ့ကျကျတုံ့ပြန်ဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
“အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ်ကို ကျနော်တို့ ရှေ့တိုးဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။ အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်စိုင်းပြင်းမှုတွေရှိလာတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ‘အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး’ နိုင်ငံရေးလှုပ်ရှားမှု သက်သက်လောက်နဲ့ တင်းတိမ်ရောင့်ရဲနေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဒီထက်ကျယ်ပြန့်တဲ့ နိုင်ငံရေးတုံ့ပြန်မှုတွေကို လုပ်နိုင်ဖို့လိုပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အသွင်သဏ္ဌာန်အရ ဖော်ဆောင်နေတာဖြစ်ပေမဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်ဦးမှုရယူပြီး လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအသွင်အပြင်တရပ်ကို ကြိုတင်ဖော်ဆောင်ထားဖို့ လိုပါတယ်။ အဲဒီအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တရပ်ကို ကြိုတင်ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သမိုင်းသင်ခန်းစာတွေကိုယူဖို့လိုပြီး အရွယ်အလိုက် ကြီးပြင်းလာတဲ့ တော်လှန်ရေးကို ‘တော်လှန်ရေးလားမြောက်အောင်’ ထပ်မံချဲ့ထွင်တည်ဆောက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။


လာမယ့် နှစ်သစ်မှာ ပြည်သူတရပ်လုံး စိတ်မောလူမောတာတွေ အမြန်ဆုံးပြေပျောက်နိုင်ဖို့၊ ရင်ထဲက အပူမီးတွေ၊ ကြောင့်ကြသောကမီးတွေဟာ သင်္ကြန်ရေနဲ့အတူ အေးငြိမ်းခြင်းအတိနဲ့ ရှင်သန်လျှောက်လှမ်းနိုင်ကြဖို့ ဆုတောင်းပေးသလို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နှစ်သစ်နဲ့အတူ ပြည်သူလူထုအားကိုးထိုက်၊ ယုံကြည်ထိုက်၊ လေးစားထိုက်တဲ့ ပြည်သူ့အစိုးရတရပ်ဖြစ်အောင် ဆက်လက်ကြိုးစားသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ကျနော်တို့နိုင်ငံမှာ နောက်ခံအခြေအနေ အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေ အင်မတန်များပြားတာမို့ ဒီအင်အားစုတွေ၊ အစုအဖွဲ့တွေနဲ့ သေသေချာချာတိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့အစီအမံတွေ အမြန်ဆုံးချမှတ်ကြရမယ့်အချိန် ဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီးဌာနတခု၊ ဝန်ကြီးတဦးတယောက်ရဲ့ တာဝန်မဟုတ်ဘဲ ကျနော်တို့ အားလုံးရဲ့တာဝန်ဖြစ်တာကြောင့် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ရှေ့ထွက် အကောင်အထည် ဖော်သူတွေက ဖော်ရမှာဖြစ်သလို နောက်ကွယ်က ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးရင်း ကူညီထောက်ပံ့ပေးရမယ့်သူတွေကလည်း ကူညီထောက်ပံ့ရင်း နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အမြန်ဆုံးထိရောက်မှုရှိအောင်၊ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့အားနဲ့သွားနေတဲ့ တော်လှန်ရေးဖြစ်တာကြောင့် စဉ်းစားမှုတိုင်းမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဉ်းစားချက်မျိုးဖြစ်ဖို့လိုပြီး ဖြစ်နိုင်ခြေအရှိဆုံးကိစ္စမျိုးလည်းဖြစ်အောင် စဉ်းစားလုပ်ကြဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။